အဂတိလိုက်စားမှုကော်မရှင်သို့ တိုင်ကြားခံထားရသော အိမ်မဲမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အား စစ်ဆေး

အဂတိလိုက်စားမှုကော်မရှင်သို့ တိုင်ကြားခံထားရသော အိမ်မဲမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အား စစ်ဆေး

ဇွန်လ ၁ ။           ။ အဂတိလိုက်စားမှုကော်မရှင်သို့ တိုင်ကြားခံထားရသော အိမ်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အား တိုင်းဒေသကြီးလွှတ်တော်နှင့် NLD ပါတီက စစ်ဆေးပြီးဖြစ်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

"ကျွန်တော်တို့က သတိတော့ပေးလို့ရတယ် သို့သော် ကျွန်တော်တို့ပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်ပြီး ကိုင်တွယ်ခွင့်က ပါတီမှာ ရှိတယ်။ အဲဒီအတွက် ကျွန်တော်တို့က လိုအပ်တဲ့အချက်အလက်တွေ အကုန်ယူထားတယ်။ အမှန်က လွှတ်တော်ကိုယ်စားလှယ်နဲ့ ပတ်သက်ပြီး အဂတိက အဂတိလိုက်စားမှု မမြောက်ဘူး။ စီမံခန့်ခွဲခွင့်မှားယွင်းတဲ့ မပါဝင်သင့်တဲ့ကိစ္စ ပါဝင်တယ်၊ကျွန်တော်တို့ကို လွှဲတယ်။ ကျွန်တော်တို့ ကလည်း ပါတီမှာ လွှတ်တော်ကိုယ်စားလှယ်ရေးရာ ကိုင်တွယ်တာရှိတာကို အဲဒီကော်မတီက စစ်ပြီးပြီ” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က မဇ္ဈိမသို့ပြောသည်။

အိမ်မဲမြို့နယ်၊ ညောင်ကုန်းချောင်းဖျားကျေးရွာ မီးလင်းရေးအတွက် အိမ်မဲမြို့နယ် အမှတ်၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်က ငွေကြေးတောင်းခံခဲ့၍ အရေးယူပေးရန် အဂတိ တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဂတိတိုက်ဖျက်ရေးကော်မရှင်က "တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်မြိုင်သည် ၎င်း လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ငွေကျပ် သိန်း ၁၀၀ အား မမှန်မကန် တောင်းခံရယူသော်လည်း ၎င်းကိုယ်ကျိုး အတွက် သုံးစွဲခြင်းမရှိကြောင်း၊ လာဘ်ပေးလာဘ်ယူပြုလုပ်သည့် အထောက်အထား ခိုင်မာမှုမရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ကျေးရွာမီးလင်းရေးကိစ္စများတွင် ငွေကြေးကိစ္စများ၌ ကျင့်ဝတ်နှင့် မညီဘဲ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း စီမံခန့်ခွဲမှုကို လွဲမှားစွာဆောင်ရွက်ခြင်း၊အများပြည်သူ အထင်အမြင် လွဲမှားစွာပြုမှုဆောင်ရွက်ခြင်းတို့ကြောင့် လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးလွှတ်တော် သို့ အကြောင်းကြားသင့်ကြောင်းကို ကော်မရှင်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ” သိရှိရသည်။

လက်ရှိတွင် အိမ်မဲမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်နှင့် ပတ်သက်ပြီး ပါတီမှ စစ်ဆေးပြီးဖြစ်ကြောင်း နှင့် လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီက စစ်ဆေးထားကြောင်း သိရသည်။

အိမ်မဲမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်အပါအဝင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့တိုင်ကြားခံရခြင်း ဖြစ်ပြီး အခြားတစ်ယောက်မှာ ပြည်ထောင်စုလွှတ်တော် ဖွံဖြိုးရေးရန်ပုံငွေကိစ္စကြောင့် တိုင်ကြားထားခြင်း ဖြစ်သည်။ ဖွံဖြိုးရေးရန်ပုံငွေနှင့် ပတ်သက်ပြီး တိုင်းကြားခံရမှုအား မည်သည့်ကိုယ်စားလှယ်ဖြစ်ကြောင်းကို တိုင်းလွှတ်တော်မှ ထုတ်ဖော် ပြောဆိုခြင်းမပြုပေ။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်ပတ်သက်ပြီး အဂတိတိုက်ဖျက်ကော်မရှင်က အကြောင်းကြား စာ နှစ်စောင်ပို့ထားကြောင်းကို တိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်က ဒုတိယအကြိမ် ဧရာဝတီတိုင်း ဒေသကြီး(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဖွင့်တွင် ထည့်သွင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly