တပ်မတော်နှင့် ကေအိုင်အေတို့ ဖားကန့်အနီး ၄ နေရာတွင် ထိတွေ့တိုက်ပွဲဖြစ်

တပ်မတော်နှင့် ကေအိုင်အေတို့ ဖားကန့်အနီး ၄ နေရာတွင် ထိတွေ့တိုက်ပွဲဖြစ်

 

ရန်ကုန် ၊ ဇွန် ၁ ။                  ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နှင့် ကာမိုင်းမြို့နယ်အကြားတွင် မေလ ၃၀ ရက်နေ့က တပ်မတော်နှင့် ကေအိုင်အေတို့အကြား ထိတွေ့တိုက်ပွဲများ  ဖြစ်ပွားခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“တိုက်ပွဲကတော့ ထိတွေ့ရင်ဆိုင်တိုက်ပွဲပဲဖြစ်ပါတယ်။ ခါတိုင်းဖြစ်သလိုမျိုး ထိုးစစ်ဆင်လာလို့ ဖြစ်တဲ့သဘောမဟုတ်ပါဘူး။ ခဏလေး ထိတွေ့ပြီးမှ ပြန်ငြိမ်သွားတာပါ။ အခုတော့ အကုန်လုံးက နဂိုအတိုင်းပြန်ဖြစ်သွားပါပြီ” ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

ကချင်ပြည်နယ်အတွင်း ရက်သတ္တပတ် နှစ်ပတ်ခန့် တိုက်ပွဲများဖြစ်ပွားခြင်းမရှိခဲ့ရာမှ တကျော့ပြန်ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“လေးနေရာလောက် ဖြစ်သွားတာပါ။နှစ်ဖက်စလုံးက စောင့်ကြည့်နေတဲ့အနေအထားဆိုတော့ တပ်မတော်ဘက်က နည်းနည်းလှုပ်ရှားလာရင်လည်း တိုက်ပွဲက ဖြစ်တာပေါ့။ ကေအိုင်အေ ဘက်က နည်းနည်းလှုပ်ရှားရင်လည်း တိုက်ပွဲနည်းနည်းဖြစ်တာပဲ” ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က ဖားကန့်မြို့နယ် တံတားညီနောင်တွင် တပ်စွဲထားသည့် တပ်မတော် စခန်းတစ်ခုအား KIA မှ ဝင်တိုက်ခဲ့ပြီးသည့်နောက် ကချင်ပြည်နယ်အတွင်း၌ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး ဒေသခံများ ထောင်ချီပြီး စစ်ဘေးရှောင်တိမ်းခဲ့ရသည်။

အဆိုပါ ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေဆိုခဲ့ခြင်းမရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly