တရုတ်နိုင်ငံသူ ပြည့်တန်ဆာ ၁၇ ဦးအမှုကို ဇွန်လတွင် စတင်စစ်ဆေးမည်

တရုတ်နိုင်ငံသူ ပြည့်တန်ဆာ ၁၇ ဦးအမှုကို ဇွန်လတွင် စတင်စစ်ဆေးမည်
ဓာတ်ပုံ -  ရဲဇာနည်(facebook)

 

ရန်ကုန်၊ မေ ၃၁ ။            ။ တောင်ဥက္ကလာပမြို့နယ်တွင် Oriental Spa အမည်ဖြင့် လိုင်စင်မရှိဘဲလုပ်ကိုင်နေသည့် အလှပြင်ဆိုင် လုပ်ငန်းဗန်းပြကာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသူ ၁၇ ဦးအမှုကို ဇွန်လ ၆ ရက်နေ့တွင် စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် တရားရုံးမှ သိရသည်။

မေလ ၂၃ ရက်နေ့တွင် တိုင်းရဲတပ်ဖွဲ့မှ ရဲအုပ်တင့်လွင်မှ တရားလိုလုပ်ကာ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေဖြင့် တရားစွဲတင်ပို့ထားခြင်းဖြစ်ပြီး ဇွန်လ ၆ ရက်နေ့တွင် တရားလိုကို

စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်တရားသူကြီးက ပြောသည်။

ထို့ပြင် အဆိုပါအမှုအတွက် တရားလိုပြသက်သေ ၁၈ ဦး တင်သွင်းထားသည်ဟုလည်း တရားသူကြီးက ဆိုသည်။

ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ် ၈ ရပ်ကွက်တွင် တရားဝင်လိုင်စင်မရှိဘဲဖွင့်လှစ်ထားသော Oriental Spa အမည်ရှိ အလှပြင်ဆိုင်သို့ မေလ ၂၂ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များမှ ၀င်ရောက်စစ်ဆေးရာ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြည့်တန်ဆာအမျိုးသမီး တရုတ်နိုင်ငံသူ(၁၇)ဦး၊ ဆိုင်မန်နေဂျာ တရုတ်နိုင်ငံ၊ ဟူပိန်ပြည်နယ်နေ တရုတ် နိုင်ငံသား Peng An Ting (ပတ်စ်ပို့/ ဗီဇာ-မရှိ) တရုတ်နိုင်ငံသား(၂) ဦးနှင့် ကွတ်ခိုင်မြို့နယ်နေ ဆိုင်ဝန်ထမ်း မမိုးမိုး(ခ) အားဖျင်(၂၄)နှစ် ပါ(၈) ဦး(ကျား ၃၊ မ ၅) တို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့ကြောင့် တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၆၀၉/၂၀၁၈၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေပုဒ်မ ၃(က)/(ခ) ဖြင့်လည်းကောင်း၊ ဆိုင်ရှင်(စုံစမ်းဆဲ)၊ Peng An Ting ပါ တရုတ်နိုင်ငံသား(၂)ဦးနှင့် မမိုးမိုး(ခ)အားဖျင် ပါ (၈) ဦး တို့အား တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၆၁၀/၂၀၁၈၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ပုဒ်မ ၅(၁)ဖြင့်လည်းကောင်း အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly