ဘယ်အရာက ဇက်ကြောတက်ခြင်းကို ဖြစ်စေသလဲ

ဘယ်အရာက ဇက်ကြောတက်ခြင်းကို ဖြစ်စေသလဲ

ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

ဇက်ကြောတက်ခြင်းဆိုတာ အဖြစ်များပါတယ်။ တော်တော်လေးလည်း စိတ်မသက်မသာ ဖြစ်စေပါတယ်။ ခေါင်းကနေစပြီး ပခုံးတစ်လျောက်ထိကို နာနေတာပါ။ ထိုပြဿနာရဲ့ ရောဂါရင်းမြစ်ကို သင်သိချင်နေမှာပါပေါ့။ ဒါပေါ့ ယခုဖော်ပြမယ့် ဆောင်းပါးလေးကို ဖတ်ရှုလိုက်ရင် သင်သိရမှာပါ။

ဇက်ကြောလွဲခြင်းနှင့် ဇက်ကိုအသုံးများခြင်း

ထိုကိစ္စတွေကတော့ ဇက်ကြောတက်ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။ ရက်အနည်းငယ် ဒါမှမဟုတ် သီတင်းပတ်အနည်းငယ်အတွင်းမှာ ကုသစရာ မလိုဘဲ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ အထက်ပါကိစ္စတွေကို အောက်ပါတို့က အများဆုံးဖြစ်စေပါတယ်။

အိပ်စက်ပုံ ကိုယ်နေကိုယ်ထား မမှန်ကန်ခြင်း

အိပ်ရာနိုးတဲ့ အချိန်မှာ ဇက်တောင့်ပြီး နာကျင်နေတာ အဖြစ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်ဟာ တစ်ညလုံး ကိုယ်နေကိုယ်ထားမမှန်ကန်ပဲ အိပ်လိုက်လို့ပဲ ဖြစ်ပါတယ်။ သင့်တော်မယ့် ခေါင်းအုံး၊ အိပ်ရာတွေ အသုံးပြုခြင်းက ထိုသို့သော အခြေအနေမျိုးမှာ တော်တော်လေးအသုံးဝင်မှာပါ။

ဒဏ်ဖြစ်ခြင်း

လည်ပင်းကိုဆတ်ကနဲလှည့်လိုက်တာကြောင့်လည်းကောင်း၊ အားကစားလုပ်ခြင်းကြောင့်လည်းကောင်း၊ မတော်တဆတွေကြောင့်လည်းကောင်း ဇက်နာနိုင်ပါတယ်။ အားကစားကြောင့် လည်းပင်းရှိ အာရုံကြောများ ထိခိုက်ခံရပြီး လည်ပင်း၊လက်နဲ့ ပခုံးတို့မှာ နာကျင်ခြင်း၊ ထုံခြင်း၊ အားနည်းခြင်းတို့ ခံစားရနိုင်ပါတယ်။

မတော်တဆမှုတွေကြောင့် လည်ပင်းရှေ့သို့၊နောက်သို့ ၊ ဘေးသို့ တွန်းခံ၊ဆွဲခံလိုက်ရနိုင်ပါတယ်။ ဇက်ကို ဆွဲဆန့်လိုက်သလိုဖြစ်သွားပြီး အရွတ်များ ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ ဒါကြောင့် ဇက်နာခြင်း၊ ဇက်တောင့်တင်းခြင်းနဲ့ လှုပ်ရှားရခက်ခဲခြင်းတို့ ခံစားလာရနိုင်ပါတယ်။

နေထိုင်ပုံ ကိုယ်နေကိုယ်ထား မမှန်ကန်ခြင်း

ကိုယ်နေကိုယ်ထား မမှန်ကန်ခြင်းက ဇက်ကြောတက်စေနိုင်ပါတယ်။ အိမ်တို့ အလုပ်တို့မှာ သင်ကိုယ်အနေအထား အမှားဖြင့် နေထိုင်နေနိုင်ပါတယ်။ ခေါင်းကိုရှေ့သို့ စိုက်လိုက်ပြီး ကို်ယ်မှာရှိနေတဲ့ ကမ္ဘာဆွဲအားဗဟိုချက်ကို ပြောင်းလဲလိုက်တဲ့ အခါမှာ ခေါင်းကိုထိန်းထားနိုင်ဖို့ ကြွက်သားနဲ့ အရွတ်တို့က ပိုမိုအလုပ်လုပ်ရပါတယ်။

ကွန်ပျူတာရှေ့ထိုင်ခြင်း၊ ဖုန်းသုံးခြင်း၊ တီဗီကြည့်ခြင်း၊ စာအုပ်ဖတ်ခြင်းနှင့် ကားမောင်းခြင်းတို့က မကောင်းတဲ့ ကိုယ်အနေအထားတွေပါ။ ထိုအရာများကို အချိန်ကာလကြာမြင့်စွာ ပြုလုပ်နေမယ်ဆိုရင်တော့ ဇက်ကြောတွေ နာကျင်လာပါလိမ့်မယ်။

လှုပ်ရှားမှုတစ်ခုတည်းကို  ထပ်ခါထပ်ခါ ပြုလုပ်နေရခြင်း

ကခုန်ခြင်းနဲ့ ရေကူးခြင်းလိုမျိုး ထပ်ခါထပ်ခါ ပြုလုပ်နေရတဲ့ လှုပ်ရှားမှုတွေက လည်ပင်းရှိကြွက်သားနဲ့ တစ်ရှုးတွေကို အလုပ်ပိုလုပ်ရစေပါတယ်။

လည်ပင်းရောဂါများ

ပျက်စီးဆုံးရှုံးခြင်းနှင့် ကျွံကျမှုတွေလိုမျိုး လည်ပင်းရိုးရောဂါတွေကြောင့် ဇက်ကြောနာနိုင်ပါတယ်။ ထိုပြဿနာတွေက နာတာရှည်နာကျင်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

လည်ပင်းရိုးအပြားလေး ပျက်စီးသွားခြင်း

အသက်ကြီးလာတာကြောင့် ကျောရိုးမကြားခံ အပြားလေးတွေဟာ ရေဓာတ်ခန်းခြောက်ပြီး ပွတ်တိုက်မှုတွေကို ကြားခံအဖြစ် အလုပ်လုပ်နိုင်မှု လျော့ကျသွားပါတယ်။ အဲဒီအခါမှာ အရိုးတွေ တစ်ခုနဲ့တစ်ခု ပွတ်တိုက်လာပါတယ်။ အနီးနားရှိ အာရုံကြောများ လှုံ့ဆော်ခံရခြင်း၊ အရိုးနုပြားပေါက်ပြီးကျွံကျသွားခြင်းနဲ့ အဆစ်ရောင်နာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

လည်ပင်းကြောရိုးမကြားခံ အရိုးနုပြား ကျွံထွက်ခြင်း

ပြဲစုတ်ခြင်းကြောင့် ယင်းအရိုးနုပြားရဲ့ နူးညံ့တဲ့အပိုင်းက တောင့်တင်းတဲ့ အပြင်ဖက်ပိုင်းကနေ ကျွံထွက်သွားတာကြောင့် အာရုံကြောတို့ကိုဖိနိုင်သလို ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ပရိုတင်းတွေကလည်း အာရုံကြောတွေကို သွားပြီး လှုံဆော်နိုင်ပါတယ်။

လည်ပင်းကြောရိုးမကြီးမှာရှိတဲ့ အရိုးနုပြားက သိပ်ပြီးမကြီးလှပါဘူး ပြီးတော့ အာရုံကြောတွေအတွက် နေရာကလည်း လိုတာထက်ပိုနေပါသေးတယ်။ ဒါကြောင့် အနည်းငယ်လေးကျွံထွက်တာတောင်မှအာရုံကြောတွေကို သွားပြီး ဒုက္ခပေးနိုင်ပါတယ်။

လည်ပင်းကြောရိုးမအဆစ်များပူးသွားခြင်း

ထိုရောဂါကို လည်ပင်းအရိုးအဆစ်ရောင်နာလို့လည်း ခေါ်ပါတယ်။ အဆစ်တွေကြားမှာရှိတဲ့ အရိုးနုတွေ ပျက်စီးသွားတာပါ။ အဲဒီအခါမှာ အရိုးတွေဟာ တစ်ခုအပေါ်တစ်ခု ပွတ်တိုက်ကြိတ်ချေလာပါတယ်။ ရောင်ရမ်းခြင်းကြောင့် အဆစ်တွေကြီးလာပြီး အာရုံကြောတွေကို ဒုက္ခသွားပေးပါတယ်။

လည်ပင်းကြောရိုးခေါင်းပေါက်ကျဉ်းခြင်း

ကြောရိုးခေါင်းပေါက်ကျဉ်းသွားတဲ့အခါမှာ Cervical Stenosis ဖြစ်လာပါတယ်။ ကြားခံအရိုးနုပြားကျွံထွက်ခြင်းနဲ့ အရိုးအတက်ထွက်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒါကပဲ   ကြောရိုးမအခေါင်းပေါက်ထဲမှာ သွားနေတဲ့ အာရုံးကြောတွေကို ဒုက္ခသွားပေးပါတယ်။ လည်ပင်းမှာ စနာကျင်လာနိုင်ပြီး လက်၊ လက်ဖဝါးနဲ့ လက်ချောင်းလေးတွေထိပါ   ပြန့်နှ့ံသွားနိုင်ပါတယ်။                                            

စာရိုက်နေစဉ် ကိုယ်နေကိုယ်ထားမမှန်ကန်ခြင်း၊ အားကစားဒဏ်တွေလိုမျိုး နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် အရိုးနုပြားပျက်စီးခြင်းနဲ့ ကျွံထွက်ခြင်းကဲ့သို့ လည်ပင်းရိုးရောဂါများကြောင့် ဇက်ကြောများနာကျင်နိုင်ပါတယ်။ ဆရာဝန်က ရောဂါရင်းမြစ်တွေကို ရှာဖွေပြီး ကုသပေးပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly