မုန်တိုင်းငယ် အနီရောင်အဆင့်ဖြစ် ၊ နောက် ၁၂ နာရီအတွင်း ရခိုင်ကိုဖြတ်မည်

မုန်တိုင်းငယ် အနီရောင်အဆင့်ဖြစ် ၊ နောက် ၁၂ နာရီအတွင်း ရခိုင်ကိုဖြတ်မည်

ရန်ကုန် ၊မေ ၂၉ ။          ။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင်း ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အား အနီရောင်အဆင့် သတ်မှတ်လိုက်ပြီး နောက် ၁၂ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းဒေသကို ဖြတ်ကျော်ဝင်ရောက်မည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ယနေ့ မေလ ၂၉ ရက်နေ့ နေ့လည် ၁၂ နာရီက သတင်းထုတ်ပြန်ထားသည်။

ယင်းမုန်တိုင်းငယ်သည် မာန်အောင်မြို့၏ အနောက် - အနောက် တောင်ဘက် မိုင်(၆၀)ခန့်၊ စစ်တွေမြို့၏ တောင်ဘက် မိုင်(၁၀၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အရှေ့မြောက်ဘက်သို့ ရွေ့လျားလာမည်ဟု ခန့်မှန်းထားသည်။

ယင်းမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းဒေသ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့အကြား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး မုန်တိုင်းဖြတ်ကျော်စဉ် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသည်။

မုန်တိုင်းငယ်ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ကမ်းရိုးတန်းဒေသ မာန်အောင်မြို့၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့၏ ကမ်းခြေဒေသများတွင် (၅)ပေမှ (၇)ပေခန့်နှင့် ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေဒေသများတွင် (၃)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင် ရှမ်း၊ ချင်း၊ ရခိုင် နှင့် မွန်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက်မိုးကြီးခြင်းများ ဖြစ်ပေါ်မည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ   ဖြစ်ပေါ်နိုင်ပြီး ပြည်တွင်းလေကြောင်းပျံသန်းရေး၊   မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်ဟု မိုးဇလ မှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly