မုန်တိုင်းငယ် မြန်မာနိုင်ငံသို့ဦးတည်၊ ညနေပိုင်းတွင် ကျောက်ဖြူနှင့်မာန်အောင်ကြား ဖြတ်ကျော်နိုင်

မုန်တိုင်းငယ် မြန်မာနိုင်ငံသို့ဦးတည်၊ ညနေပိုင်းတွင် ကျောက်ဖြူနှင့်မာန်အောင်ကြား ဖြတ်ကျော်နိုင်
ဓာတ်ပုံ - ဦးထွန်းလွင်

ရန်ကုန် ၊ မေ ၂၉ ။                   ။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ဦးတည်နေပြီး ယနေ့ မေလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်အလယ်ပိုင်း မာန်အောင်မြို့ နှင့် ကျောက်ဖြူမြို့အကြား ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ဆိုသည်။

မုန်တိုင်းဖြတ်ကျော်ဝင်ရောက်စဉ် လေတိုက်ခတ်နှုန်းသည် တစ်နာရီလျှင် ၄၅ မိုင် နှုန်းတိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရံ မိုင် ၅၀ နှုန်း တိုက်ခတ်မည်ဟု ဦးထွန်းလွင်က မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက သူ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“မုန်တိုင်းရဲ့အရှိန်ကြောင့် ကမ်းထောင့်ကြီး၊ မအီ၊ ကျောက်ဖြူ၊ မာန်အောင်၊ ငပလီ၊ ကျိန္တလီ စတဲ့မြို့နယ်ဒေသများတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးရွာနိုင်ပြီး လေပြင်း တစ်နာရီ (၄၀-၅၀)မိုင်ခန့်အထိ တိုက်ခတ်နိုင်ပါတယ်” ဟု ဦးထွန်းလွင်က ဆိုသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ ဦးတည်နေခြင်းကြောင့် လိမ္မာရောင် အဆင့် သတ်မှတ်ထားပြီး မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင် ရှမ်း၊ ချင်း၊ ရခိုင် နှင့် မွန်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက်မိုးကြီးခြင်းများ ဖြစ်ပေါ်မည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ   ဖြစ်ပေါ်နိုင်ပြီး ပြည်တွင်းလေကြောင်းပျံသန်းရေး၊   မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly