ရခိုင်ကမ်းရိုးတန်းအနီးမှာ မုန်တိုင်းငယ်ဖြစ်လာနိုင်ဟု ဦးထွန်းလွင်ခန့်မှန်း

ရခိုင်ကမ်းရိုးတန်းအနီးမှာ မုန်တိုင်းငယ်ဖြစ်လာနိုင်ဟု ဦးထွန်းလွင်ခန့်မှန်း

ရန်ကုန် ၊ မေ ၂၈ ။               ။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်က ခန့်မှန်းသုံးသပ်ထားသည်။

“ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း ရခိုင်ကမ်းရိုးတန်းအလယ်ပိုင်းအနီးတွင် မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်ပါတယ်” ဟု ဦးထွန်းလွင်က မေလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက သူ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး ၊ တနင်္သာရီ ၊ရှမ်း ၊ ရခိုင် ၊ပဲခူး ၊ ရန်ကုန် ၊ဧရာဝတီ နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့ မိုးရွာနိုင်ပြီး တစ်ချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှလည်း ယနေ့ မေ လ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

“ကမ်းရိုးတန်းနဲ့ကမ်းလွန်ဒေသတွင် မိုးသက်လေပြင်းများ မကြာခဏကျရောက်နိုင်ပြီး ရေပြင်မြေပြင်လေဟာ တစ်နာရီမိုင်(၃၅ မှ ၄၀)အထိ တိုက်ခတ်ကာ လှိုင်းကြီးနိုင်ပါတယ်။ ပင်လယ်ရေလှိုင်းအမြင့် (၁၂)ပေ မှ (၁၅)ပေခန့်အထိရှိနိုင်ပါတယ်” ဟု ဦးထွန်းလွင်က ဆိုသည်။

လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မွန်၊ မုတ္တမကွေ့ ၊ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်း လွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးမည့်အန္တရာယ်သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly