ဘင်္ဂလားပင်လယ်အတွင်းမှ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာ၊ ဒေသအချို့ မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အတွင်းမှ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာ၊ ဒေသအချို့ မိုးကြီးနိုင်

ရန်ကုန် ၊ မေ ၂၈ ။                         ။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်ဖြစ်ပေါ်နေပြီး ပိုမိုအားကောင်းလာနေသည်ဟု မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်က ဆိုသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး ၊ တနင်္သာရီ ၊ရှမ်း ၊ ရခိုင် ၊ပဲခူး ၊ ရန်ကုန် ၊ဧရာဝတီ နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့ မိုးရွာနိုင်ပြီး တစ်ချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှလည်း ယနေ့ မေ လ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယခုလတ်တလောတွင် လေဖိအားနည်းရပ်ဝန်းသည် မြစ်ဝကျွန်းပေါ် အနီး၌ တည်ရှိနေသောကြောင့် မြစ်ဝကျွန်းပေါ် ဒေသအချို့ နှင့် ရန်ကုန်မြို့တွင် ပုံမှန်ထက် မိုးပိုမိုရွာသွန်းနေခြင်းဖြစ်သည်။ ယမန်နေ့ မေလ  ၂၇ ရက်က ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကွက်ပြီးမိုးကောင်းခဲ့သည်။

 “ကမ်းရိုးတန်းနဲ့ကမ်းလွန်ဒေသတွင် မိုးသက်လေပြင်းများ မကြာခဏကျရောက်နိုင်ပြီး ရေပြင်မြေပြင်လေဟာ တစ်နာရီမိုင်(၃၅ မှ ၄၀)အထိ တိုက်ခတ်ကာ လှိုင်းကြီးနိုင်ပါတယ်။ ပင်လယ်ရေလှိုင်းအမြင့် (၁၂)ပေ မှ (၁၅)ပေခန့်အထိရှိနိုင်ပါတယ်” ဟု ဦးထွန်းလွင်က ဆိုသည်။

လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မွန်၊ မုတ္တမကွေ့ ၊ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်း လွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးမည့်အန္တရာယ်သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly