ငလျင်လှုပ်တာက ကိုယ်ဝန်သည်တွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

ငလျင်လှုပ်တာက ကိုယ်ဝန်သည်တွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

ရေးသားသူ Aye Thi Mon
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အခုတလော ရာသီဥတုအရမ်းပူတာကြောင့်ပဲလားတော့မသိ၊ ငလျင်တွေခဏခဏလှုပ်နေတယ်နော်။ ငလျင်လှုပ်တဲ့အခါ ကျန်းမာသန်စွမ်းနေတဲ့ အသက်အရွယ်အပိုင်းအခြား ပုဂ္ဂိုလ်တွေအတွက် သိပ်ပြဿနာမရှိပေမယ့် သက်ကြီးရွယ်အိုတွေ၊ နာမကျန်းတဲ့သူတွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ကတော့ ပြဿနာရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မျာ ငလျင်လှုပ်တာမျိုးနဲ့ကြံုရင် သန္ဓေသားမှာ ထိခိုက်တာတွေရှိနိုင်တယ်ဆိုတဲ့ အယူအဆတွေရှိတယ်နော်။ ဒီအယူအဆက တကယ်ပဲလားဆိုတာကို နည်းနည်းလောက် ဆန်းစစ်ကြည့်ရအောင်လား။

ရင်သွေးလေးတွေကို မျက်နှာမမြင်ခင်ကတည်းမေတ္တာထားပြီး အရာရာကိုဂရုစိုက်တာ မိဘမေတ္တာတရားပါ။ ဒီမေတ္တာတရားကြောင့်ပဲ ပင်ပန်းဆင်းရဲမှုအမျိုးမျိုးကို အံတုပြီး ကလေးတစ်ယောက်ကို ကိုးလလွယ်ဆယ်လဖွားခဲ့တာပါ။ ဒီလိုမေတ္တာထားတဲ့ မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်ထားစဉ်အချိန်ကတည်းက ငလျင်လှုပ်ရင်သန္ဓေသားကို ဘယ်လိုထိခိုက်မလဲဆိုတာ သိချင်မှာပဲနော်။ ဒီကိစ္စလေးကိုပြောပြပေးချင်ပါတယ်။
ငလျင်က သန္ဓေသားကို တကယ်ပဲထိခိုက်စေနိုင်သလား

၂၀၀၅ ခုနှစ်တုန်းက ချီလီနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Tarapaca  ဒေသမှာလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ငလျင်ဒဏ်ကိုခံစားခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ လမစေ့ဘဲ ကလေးမွေးဖွားခဲ့တာမျိုးတွေရှိခဲ့ပါတယ်။ ငလျင်ဒဏ်ခံခဲ့ရတဲ့ အမျိုးသမီးတွေမှာသာ ဒီလိုမျိုးဖြစ်တာဖြစ်တယ်လို့လေ့လာတွေ့ရှိခဲ့ရပါတယ်။ ငလျင်ဒဏ်ခံစားရတဲ့အခါ ပေါင်မပြည့်ဘဲကလေးမွေးဖွားနိုင်ခြေပုံမှန်ထက်ပိုများနေတယ်၊လို့လည်း နယူးယောက်တက္ကသိုလ်က လူမှုဗေဒပညာရှင် Florencia Torche ကရှင်းပြပါတယ်။ ဒီလေ့လာမှုအတွင်း အခုလိုမျိုး ဖြစ်ရတဲ့အကြောင်းအရင်းက သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ရတာလို့တွေ့ရှိခဲ့ရတယ် ဆိုပါတယ်။

ကိုယ်ဝန်ဆောင်ကာလအစောပိုင်းမှာ ငလျင်ဒဏ်ကိုခံစားခဲ့ရမယ်ဆိုရင် မမွေးခင်ကာလတစ်လျှောက်လုံးမှာ သန္ဓေသားအပေါ်ထိခိုက်တာမျိုးတော့ရှိနိုင်ပါတယ်။ အဖြစ်အများဆုံးပြဿနာက ကလေးကပေါင်မပြည့်ဘဲမွေးဖွားလာတာပါ။ ပေါင်မပြည့်တာက မွေးကင်းစကလေးငယ်တွေသေဆုံးရတဲ့အဓိကအကြောင်းအရင်းဖြစ်တာကြောင့် ငလျင်က သန္ဓေသားကိုထိခိုက်မှုရှိစေတယ်၊လို့ပဲပြောရပါမယ်။

ကလေးကပေါင်မပြည့်ဘဲမွေးဖွားလာတဲ့အခါ သိမြင်သင်ကြားမှုစွမ်းရည်နဲ့ဖွံ့ဖြိုးကြီးထွားမှုအပိုင်းမှာ ထိခိုက်မှုတွေတော်တေ်ာလေးများလာပါတယ်။ ဒါတင်မကပါဘူး ကလေးက ကိုယ်ခံအားနည်းပြီး ရောဂါတွေအဝင်လွယ်တာမျိုးဖြစ်နိုင်သလို အခြားချို့တဲ့မှုတွေလည်းဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

ဒီကိစ္စကို တိတိကျကျသိရှိနိုင်ဖို့အတွက် သုတေသီတွေက ကိုယ်ဝန်ဆောင်ချိန်မှာ သဘာဝဘေးအန္တရာယ်နဲ့ ကြံုတွေ့ခဲ့ရတဲ့ မိခင်တွေက မွေးဖွားလာတဲ့ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ထိခိုက်မှုမရှိဘဲမွေးဖွားလာတဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအခြေအနေကို နှိုင်းယှဉ်လေ့လာကြည့်တဲ့အခါ မိခင်ဝမ်းထဲမှာရှိနေစဉ်က ငလျင်လိုမျိုး သဘာဝဘေးအန္တရာယ်တစ်ခုခုနဲ့ကြံုတွေ့ခဲ့ရတဲ့ ကလေးငယ်တွေက ပုံမှန်ကလေးငယ်တွေထက် ကိုယ်အလေးချိန်နည်းနေတတ်သလို ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေလည်းရှိတာကိုတွေ့ရှိခဲ့ရပါတယ်။

ငလျင်ဒဏ်ကိုခံစားခဲ့ရတဲ့ ကိုယ်ဝန်ဆောင်ကာလအပိုင်းအခြားအလိုက်ထိခိုက်မှုပုံစံချင်းကလည်း ကွာခြားနေတယ်၊လို့ဆိုပါတယ်။ ကိုယ်ဝနေ်ဆာင်ကာလ ပထမ ၃ လပတ်အတွင်းမှာ ငလျင်ဒဏ်ကိုခံခဲ့ရမယ်ဆိုရင်ပေါင်မပြည့်ဘဲမွေးဖွားလာနိုင်ခြေက ပုံမှန်ထက် ၈ ရာခိုင်နှုန်းလောက်ပိုများနေပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်တွေကိုခံစားခဲ့ရတာမျိုးမရှိတဲ့  ကလေးငယ်တွေမှာ ပေါင်မပြည့်တာမျိုးမဖြစ်သလို ကိုယ်ခံအားနည်းတာ၊ သိမြင်မှုစွမ်းရည်တွေထိခိုက်တာမျိုးမရှိဘူးလို့လည်းသိရပါတယ်။

၂၀၀၅ ခုနှစ် ချီလီငလျင်အပြီးလုပ်ခဲ့တဲ့ လေ့လာမှုမှာတော့ ကိုယ်ဝန်ဆောင်ကာလရဲ့ ပထမ ၃ လပတ်အတွင်း ငလျင်ဒဏ်ခံခဲ့ရမယ်ဆိုရင် ပေါင်မပြည့်တဲ့ကလေးမွေးဖွားနိုင်ခြေများသလို လမစေ့ဘဲကလေးမွေးဖွားနိုင်ခြေကလည်း ပုံမှန်ထက်ပိုများနေတာကိုတွေ့ရှိခဲ့ရပါတယ်။ ကိုယ်ဝန် ၃ လလောက်မှာ ငလျင်ဒဏ်ခံစားခဲ့ရတာမျိုးရှိမယ်ဆိုရင် သန္ဓေသားမှာထိခိုက်နိုင်ခြေက ပိုများပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ပထမ ၃ လအရွယ်မှာ ငလျင်ဒဏ်ခံစားခဲ့ရတဲ့မိခင်တွေ ငလျျင်ဒဏ်မခံစားခဲ့ရတဲ့ မိခင်တွေနဲ့နှိုင်းစာရင် မွေးဖွားချိန်က တစ်ပတ်လောက်စောတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါတွေက သဘာဝဘေးအန္တရာယ်ကို တွေ့ကြံုလိုက်ရချိန်မှာ မိခင်ရဲ့ခန္ဓာကိုယ်ကနေ စိတ်ဖိစီးမှုတွေခံစားရတဲ့အခါ တုံ့ပြန်တဲ့အနေနဲ့ ထွက်လာတတ်တဲ့ corticotropin ဟော်မုန်းတွေထွက်လာတာကြောင့် ကလေးက လမစေ့ဘဲမွေးဖွားတာရတာဖြစ်ပါတယ်။

လမစေ့ဘဲမွေးဖွားမှု နဲ့ ပေါင်မပြည့်ဘဲမွေးဖွားမှုက ရေရှည်မှာတော့ ကလေးငယ်ရဲ့ကျန်းမာရေးအပေါ်ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် လေ့လာတွေရှိမှုတွေအရဆိုရင် ငလျင်လှုပ်ခတ်မှုက သန္ဓေသားအပေါ်ထိခိုက်မှုရှိတယ်၊လို့ဆိုရပါမယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly