ညောင်တုန်းဆေးရုံကို တင်ဒါအောင်ကုမ္ပဏီမှ လွဲချော်တည်ဆောက်ထားသောကြောင့် ရပ်ဆိုင်းထားရန် တိုင်းအစိုးရ ညွှန်ကြား

ညောင်တုန်းဆေးရုံကို တင်ဒါအောင်ကုမ္ပဏီမှ လွဲချော်တည်ဆောက်ထားသောကြောင့် ရပ်ဆိုင်းထားရန် တိုင်းအစိုးရ ညွှန်ကြား

ပုသိမ် မေ ၁၂။         ။ တိုင်နေရာမှားစိုက်ခြင်း၊ အသုံးပြုသံချောင်း ဆိုဒ်သေးခြင်း စသည့်အချက်များအပါအဝင် ညောင်တုန်းဆေးရုံ တိုးချဲ့ ၃ ထပ်ဆောင် တည်ဆောက်မှု အမှားများနှင့်ပတ်သက်ပြီး ဒီဇိုင်း ပြန်တွက်ချက်ရမည် ဖြစ်ကြောင်း သိရပြီး ဆောက်လုပ်မှုအား ရပ်ထားရန် တိုင်းအစိုးရမှ ညွှန်ကြားထားသည်။

တင်ဒါအောင်ကုမ္ပဏီ လွဲချော်တည်ဆောက်ထားမှုအား လုပ်ကိုင်ပေးခဲ့သည့် အလုပ်သမားများ ထုတ်ဖော် ပြောခဲ့ခြင်းဖြစ်ပြီး၊တိုင်းဒေသကြီးတည်ဆောက်မှုစစ်ဆေးရေးကော်မတီမှ မေလ ၁၀ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

"အောက်မှာ မြေညီထပ် တိုင်သုံးတိုင် သံချောင်းနှစ်ချောင်းကို ဖြတ်ထားတယ်၊တိုင်တစ်တိုင် သံချောင်း ၅ ချောင်း ဖြတ်ပြီးရွှေ့ထားတယ်၊အောက်မှာ ပေါ်တီကိုတိုင်ကို နေရာမှားစိုက်ထားတယ် ။ ၄ ပေ ပြန်ရွှေ့ထားတယ်၊ နောက်တစ်ချက် သံချောင်းဆိုဒ်သေးတာတွေ တွေ့တယ်၊ တိုင်နေရာရွှေ့တာ သံချောင်းသေးတာတွေကို ဒီဇိုင်းပြန်တွက်ရမယ်”ဟု ညောင်တုန်းမြို့နယ်ဆေးရုံ၊၃ထပ် အဆောင်သစ်နှင့်ပတ်သက်ပြီး သွားရောက်စစ်ဆေး သည့် လက်ထောက်ညွန်ကြားရေးမှူးဦးမြဝင်းက ပြောသည်။

ညောင်တုန်း ဆေးရုံ ၃ထပ်ဆောင်သစ်အား ကျပ် သိန်း ၆၀၀၀ကျော် ဖြင့် ၃ နှစ် တည်ဆောက်သည့်ဆေးရုံဖြစ်ပြီး ဆေးရုံအား Royal Winner Land Co.Ltd မှ တင်ဒါအောင် တည်ဆောက်နေသည့် ဆေးရုံဖြစ်သည်။

”ကျောက်ပုံတွေ လုပ်ပြီးတော့ သူတို့ စစ်ဆေးရေးကို ခေါ်ပြတယ် ။ တိုင်တွေက တအားကြီးလွဲနေတော့ စစ်ဆေးရေးက လက်မခံဘူး၊ အောက်လွှာထဲက လွဲတာ။  အောက်အလွှာတုန်းက ညှိနှိုင်းပြီး လက်ခံပေးတယ်၊အပေါ်က အလွှာလွဲတော့ လက်မခံဘူး ။ စစ်ဆေးရေးတွေ ပြန်သွားပြီး ညကျတော့ ကျွန်တော်ကို ဦးကိုကိုလတ်က သံတွေဖြတ်ပြီးရွှေ့ဖို့ခိုင်းတယ်၊ညတွင်းချင်း ကျောက်ပုံ ပြန်လုံးခိုင်းတယ်။ စစ်ဆေးကို ပြတော့ မှန်တော့ လက်ခံတယ်”ဟု တိုင်များရွှေ့ပေးခဲ့ရသည့် အလုပ်သမားခေါင်းဆောင် ဦးခင်စိုးက ပြောသည်။

တိုင်းဒေသကြီးတည်ဆောက်မှုစစ်ဆေးရေးကော်မတီမှ တွေ့ရှိချက်များအား ဆက်လက်တင်ပြသွားမည်ဖြစ်ကာ ပထမအကြိမ်စစ်ဆေး လွဲချော်မှုများအား ကုမ္ပဏီသို့ အသိပေးခဲ့သည်။

လက်ရှိတွင် ကုမ္ပဏီ ဆောက်လုပ်ခွင့်အား တိုင်းဒေသကြီးအစိုးရမှ ရပ်ထားရန် ညွန်ုကြားထားကြောင်း သိရပြီး တည်ဆောက်မှုအား ပြန်လည်တွက်ချက်မည်ဖြစ်ကြောင်းသိရှိရသည်။

"ခွင့်လွှတ်လို့ရတဲ့အမှားမျိုးတွေလည်း ရှိတယ်၊အန္တရာယ်မရှိတဲ့ အမှားမျိုးတွေလည်း ရှိတယ်၊တချို့ကြီးတဲ့ သံချောင်းဆိုဒ်သေးတယ်၊သံချောင်းကိုဖြတ်ထားပြီးတော့မှပြန်စိုက်တာတွေကို ကျွန်တော်တို ့ဒီဇိုင်းပြန်တွက်ရမယ်၊ဒီအနေအထားတွေ ဟာ ခိုင်ခံမှုကို ထိခိုက်နိုင်လာဆိုတာကို တွက်ပြီးမှ ပြောလိုရမယ်၊အခုတော့ ခဏရပ်ထားတယ်။ ဆက်လုပ်လို့ ရမရ ဘယ်လိုပြုပြင်ရမလဲ ။ ပြန်ဖျက်ရမှာလား ။ ခိုင်ခံမှုကိုမထိခိုက်နိုင်ဘူးလားဆိုတာကို တွက်ပြီးဖြေပေးလို့ရမယ်" ဟု လက်ထောက်ညွန်ကြားရေးမှူးဦးမြဝင်းက ဆက်လက်ပြောသည်။

မြို့နယ်တည်ဆောက်မှု စစ်ဆေးကော်မတီမှ  သွားရောက်စစ်ဆေးမှုတွင် ကုမ္ပဏီဘက် ဖုံးကွယ်ထားမှုများ ရှိကြောင်းကို မြို့နယ်တည်ဆောက်မှုစစ်ဆေးရေး ကော်မတီက ပြောသည်။

မြို့နယ်တည်ဆောက်မှုစိစစ်ရေးကော်မတီကဦးစိန်သန်းက” လွဲမှားမှုတွေကို တိုင်းက ညွန်ကြားချက်လာပေးပါတယ်၊ပြုပြင်ဖို ့နည်းလမ်းတွေနဲ ့ညွန်ကြားပါတယ်၊သူတို ့လုပ်တာကို အချိန်ပြည့်တော့စောင့်မကြည်နိုင်ဘူး ပြီးရင်ခေါ်ပြရင် ကျွန်တော်တို ့လာစစ်တယ်၊နောက်ဆက်တွဲဖြစ်လာတယ် ပြဿနာတွေက ကုမ္ပဏီ ဖုံးကွယ်ပြီးလုပ်ထားတယ် အပိုင်တွေပါ ”ဟု တွေ ့ရှိချက်များအားပြောသည်။

ဆေးရုံအမြန်ဆုံးဖွင့်နိုင်ရေးအတွက် အလျင်အမြန်ဆောင်ရွက်သောကြောင့် ချို့ယွင်းချက်များ ဖြစ်ပေါ်ခဲ့ရသည်ဟု တင်ဒါအောင်ကုမ္ပဏီဘက်မှ တာဝန်ခံအင်ဂျင်နီယာက ပြောသည်။

”ခန်းဖွင့်မှန်ဖို ့ရယ် အလိုင်းမင်းမှန်ဖို့ရယ်ကို အဲဒီအတွက်ကို အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်တာပါ နည်းပညာအပိုင်အရ လွဲချော်မှုရှိကောင်းရှိသွားနု်ိင်မယ်၊ကျွန်တော်တို့ဘက်က ဘာလိုသွားလဲဆို ဆေးရုံဟာ ခန်းဖွင့်မှန်ဖို ့အလိုင်းမင်းမှန်သွားဖို့ နောက်တစ်ခါ ထောင့်ချုပ်တဲ့နေရာကျတော့ အမိုးမှာပြဿနာရှိနိုင်တာပေါ့ ။ ကျင်တွယ်မကျ ဘာမကျနဲ ့စဉ်းစားလုပ်တဲ ့အခါကျတော့ စိတ်လောသွားတာလည်းပါပါတယ်၊အလျင်အမြန်ဆောင်ရွက်တဲ့အတွက်ကြောင့်မို့လို နည်းပညာအရ ချို့ယွင်းချက်တွေပါ ပါတယ် ကျွန်တော် ၀န်ခံပါတယ် အဓိက ဆေးရုံမြန်မြန်ဖွင့်ချင်လို့ ပါ”ဟု Royal Winner Land Co.Ltd မှ တာဝန်ခံအင်ဂျင်နီယာ ဦးကိုကိုလတ်က ဆောက်လုပ်မှုနှင့်ပတ်သက်ပြီးပြောသည်။

တည်ဆောက်မှုပိုင်းတွင် လွဲချော်မှုများရှိသဖြင့် ဆောက်လုပ်ခွင့်ကိုရပ်နားပြီး တိုင်းတည်ကော်မှ လုပ်ဆောင်ရမည့်ပုံစံများအား ညွန်ကြားထားခဲ့ကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly