ရန်ကုန်တိုင်းအစိုးရက တည်ဆောက်ပေးထားသည့် မောင်တော ကိုင်းကြီး(မြို)ရွာ နေထိုင်သူများ အလုပ်လုပ်ကိုင်ရန် အခက်အခဲ ရှိနေ

ရန်ကုန်တိုင်းအစိုးရက တည်ဆောက်ပေးထားသည့် မောင်တော ကိုင်းကြီး(မြို)ရွာ နေထိုင်သူများ အလုပ်လုပ်ကိုင်ရန် အခက်အခဲ ရှိနေ

ရန်ကုန် ၊ မေ ၁၀ ။             ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တည်ဆောက်ပေးထားသည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကိုင်းကြီး(မြို) ရွာ၌ နေထိုင်သူများအနေဖြင့် အလုပ်လုပ်ကိုင်ရန် အခက်အခဲများ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

မဇ္စျိမသတင်းဌာနက မေလ ရ ရက်နေ့မှ ၉ ရက်နေ့အထိ သွားရောက်ခဲ့သည့် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း၌ ကိုင်းကြီး(မြို)ရွာသို့ ရောက်ရှိစဉ်အတွင်း ဒေသခံရွာသားများက ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

"အလုပ်အကိုင်က နည်းနည်းအခက်အခဲရှိတယ်။ ပြဿနာမဖြစ်ခင်က တောတောင်ထဲကိုလည်း လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။ ငါးရှာဖားရှာလို့ရတယ်။ အခုမရဘူး၊ အရင်ကဖြစ်သလို ဖြစ်လာမှာလားဆိုပြီး သံသယမကင်းဘူးပေါ့" ဟု ကိုင်းကြီး(မြို)ရွာ တာဝန်ခံ ဦးစံထွန်းက ဆိုသည်။

ကိုင်းကြီး(မြို)ရွာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တည်ဆောက်ပေးထားသည့် နေအိမ် အလုံး(၄၀) ရှိပြီး နေထိုင်သူ လူဦးရေ (၃၃၀) ခန့်ရှိသည်။

၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်အတွင်း၌ ယောက်ျားဖြစ်သူ အသတ်ခံခဲ့ရသည့် ကိုင်းကြီး(မြို)ရွာသူ မထွေးက "လောလောဆယ် အငှားပန်းရန်တွေတော့ လိုက်လုပ်နေတယ်။ စားဖို့သောက်ဖို့ကတော့ ကယ်ဆယ်ရေးတွေပေးထားတာရှိတယ်။ သွားလာတာတော့အဝေးကိုမသွားရဲဘူး။ အရင်တုန်းကလိုဖြစ်မှာကို စိုးရိမ်လို့မသွားရဲတာပါ" ဟု ဆိုသည်။

မောင်တောမြို့နှင့် ၁၂ မိုင်အကွာတွင် တည်ရှိသည့် ကိုင်းကြီးကျေးရွာတွင် မြိုတိုင်းရင်းသားများနေထိုင်ရန် နေအိမ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ လှူဒါန်းထားသည့်ငွေများနှင့် စေတနာရှင်များက ထည့်ဝင်သည့်ငွေများဖြင့် လှူဒါန်းထားခြင်းဖြစ်သည်။

ကိုင်းကြီး (မြို)ရွာသည် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပ့ံပေးရေး၊ ပြန်လည် နေရာချထားရေး၊  ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ၏ ဦးစားပေးလုပ်ငန်းစဉ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့များက ၀င်ရောက်လုပ်ကိုင်ပေးခြင်းကြောင့် ဖြစ်ပေါ်လာသည့်ရွာဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly