ကချင် ၊ ရှမ်း နဲ့ ကရင်ဒေသရှိ တိုက်ပွဲများကို အမေရိကန်စိုးရိမ်နေဟုဆို

ကချင် ၊ ရှမ်း နဲ့ ကရင်ဒေသရှိ တိုက်ပွဲများကို အမေရိကန်စိုးရိမ်နေဟုဆို

 

ရန်ကုန် ၊ ဧပြီ ၂၇ ။        ။ ဒေသခံပြည်သူများ ထောင်နှင့်ချီ စစ်ရှောင်တိမ်းခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်အတွင်းက တိုက်ပွဲများကြောင့် အမေရိကန်သံရုံးအနေဖြင့် စိုးရိမ်နေရသည်ဟု ယနေ့ ဧပြီလ ၂၇ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒုက္ခသည်များ ရှောင်တိမ်းနေရသည်ကို ကြားသိရသည့်အတွက် စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟုလည်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့်ပေးရန် ပါ၀င်ပတ်သက်နေသူများအားလုံးကို တိုက်တွန်းသည်ဟုလည်း အမေရိကန်သံရုံးက ဆိုသည်။

အရပ်သားများကို အကာအကွယ်ပေးပြီး ပဋိပက္ခကြောင့် ဒုက္ခရောက်သူများအား လူသားချင်းစာနာမှုအကူအညီများ ပေးရန် ခွင့်ပြုဖို့ တပ်မတော်အပါအဝင် အစိုးရကို မေတ္တာရပ်ခံသည်ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကချင်ပြည်နယ်အတွင်းရှိ အင်ဂျန်းယန် ၊ တနိုင်း ၊ မိုးကောင်း ၊ ဖားကန့် အစရှိသည့် မြို့နယ်များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံရွာသားများ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရသည်။ကရင်ပြည်နယ်အတွင်း ဖာပွန်ခရိုင်၌လည်​း တပ်မတော်နှင့် KNU တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly