အထူးစီးပွားရေးဇုန် ၃ ခုအနက် သီလဝါအထူးစီးပွားဇုန် အအောင်မြင်ဆုံးဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော

အထူးစီးပွားရေးဇုန် ၃ ခုအနက် သီလဝါအထူးစီးပွားဇုန် အအောင်မြင်ဆုံးဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြော

ရန်ကုန်၊ ဧပြီ ၂၅ ။          ။ မြန်မာနိုင်ငံတွင်ရှိသည့် အထူးစီးပွားရေးဇုန်ကြီး ၃ ခုထဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် တွင် တည်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်မှာ အအောင်မြင်ဆုံးဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။

အစိုးရ၏ တစ်နှစ်တာလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပြည်သူများထံသို့ အစိုးရသတင်းစာမှ တစ်ဆင့် တင်ပြသည့် အထူးအချပ်ပိုကဏ္ဍတွင် ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။

“ သီလဝါအထူးစီးပွားရေးဇုန်ဟာ  မြန်မာနိုင်ငံမှာရှိတဲ့ အထူးစီးပွားရေးဇုန် ၃ ခုထဲမှာ အအောင်မြင်ဆုံး စက်မှုဇုန်ကြီး ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းအစိုးရအနေဖြင့် စက်မှုဇုန်အဟောင်းများကိုလည်းအဆင့်မြင့်တင်ဖို့လုပ်နေပြီး သီလဝါ၊ ဟံသာဝတီ စီးပွားရေးစင်္ကြန်ပေါ်ရှိ ဒဂုံလေးမြို့နယ်ကိုဖြတ်ပြီးတည်ဆောက်ထားသည့် စက်မှုဇုန်များကို လည်း စနစ်တကျတည်ဆောက်ပေးရန်ပြင်ဆင်နေကြောင်း ၄င်းက ဆက်လက်ပြောသည်။

“ အကုန်လုံးကောင်းနေတယ်လို့ပြောလို့ရှိရင်တော့ ရှေ့ဆက်ပြီး တိုးတက်တော့မှာမဟုတ်ဘူး။ ကျွန်တော်တို့ ကြိုးစားဆဲ၊ ကြိုးစားလျက်ပဲရှိပါတယ် ” ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာဆက်အောင်ကလည်း ပြောသည်။

လက်ရှိအချိန်ထိ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ကို နိုင်ငံတကာ ကုမ္ပဏီ ၉၁ ခုက လာရောက်ရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။

သီလဝါအထူးစီးပွားရေးဇုန်ရှိ လက်ရှိလည်ပတ်လျက်ရှိသော လုပ်ငန်းအများစုမှာ အထည်ချုပ် လုပ်ငန်း၊ စားသောက်ကုန်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ မော်တော်ကား အပိုပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းစသည့် စက်မှုကုန် ထုတ်လုပ်ငန်းများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly