တိုင်းစည်ပင်မှ ရာထူးချခံရသည့် ညွှန်ကြားရေးမှူးဟောင်းသည် ဘဏ္ဍာရေးနှင့်ဝန်ထမ်းစည်းကမ်းများ ဖောက်ဖျက်ခဲ့ဟု ဆို

တိုင်းစည်ပင်မှ ရာထူးချခံရသည့် ညွှန်ကြားရေးမှူးဟောင်းသည် ဘဏ္ဍာရေးနှင့်ဝန်ထမ်းစည်းကမ်းများ ဖောက်ဖျက်ခဲ့ဟု ဆို
ဓာတ်ပုံ- ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာဖေ့ဘွတ်ခ်

 

ပုသိမ်၊ ဧပြီ ၂၃ ။                          ။ ဧရာဝတီတိုင်း စည်ပင်သာယာမှ ရာထူးချခံရသည့် ညွန်မှုးဟောင်းသည့် ဘဏ္ဍာရေးနှင့် ၀န်ထမ်း  စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်၍ အရေးယူခြင်းဖြစ်သည်ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

"ဝန်ထမ်းတွေနေရာပြောင်းရွေ့ ချထားတဲ့ အခါမှာ ဒုဦးစီးအထက်ဝန်ထမ်းက စပြီးပြောင်းရွေ့ချထားရင် ဝန်ကြီးက တဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချကိုတောင်းခံပြီး တိုင်းဒေသကြီး အစိုးရ ဆုံးဖြတ်ချက်၊ ခွင့်ပြုချက်နဲ့အညီ ဝန်ထမ်းတွေကို ပြောင်းရွေ့တာဝန်ထမ်းဆောင်ရမယ် ။ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းကို ဖောက်ဖျက်ပြီး သူတစ်ဦးတစ်ယောက်တည်းသဘောနဲ့ မြို့နယ်အဆင့်၊ အရာထမ်းတွေကိုပါ နေရာပြောင်းရွေ့ချထားခဲ့တယ်” ဟု ၀န်ကြီးက ပြောသည်။

လုပ်ပိုင်ခွင့်မရှိဘဲ ၀န်ထမ်းများအား နေရာပြောင်းရွှေ့ခြင်းနှင့် လုပ်ငန်းတင်ဒါခေါ်ယူရာတွင် လက်အောက် ၀န်ထမ်းများဖြင့်သာ ကော်မတီဖွဲ့ခြင်းများဖြင့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့် တင်ဒါစည်းမျဉ်းကို ချိုးဖောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ “ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များ လမ်းခင်းဖို့ ကတ္တရာဝယ်ယူတဲ့အခါမှာ ဝယ်ယူရေးတင်ဒါ ခေါ်ရတယ်၊ တင်ဒါစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီးက ဥက္ကဋ္ဌ၊ သက်ဆိုင်ရာတိုင်းညွန်ကြားရေးမှူးက အတွင်းအရေးမှူးအဖြစ် တင်ဒါကော်မတီ ဆောင်ရွက်ရမဲ့လုပ်ငန်းကိုလည်း အဲဒီလို တင်ဒါကော်မတီ မဖွဲ့ဘဲ စည်ပင်သာယာ ညွန်ကြားရေးမှူးက ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပြီး သူလက်အောက် ဝန်ထမ်းတွေကို အဖွဲ့ဝင်တွေ ၊ အတွင်းအရေးမှူး တွေ တာဝန်ပေးပြီး တင်ဒါကို ဝယ်ခဲ့တယ်၊ တင်ဒါ ဝယ်ယူတဲ့လုပ်ငန်းမှာ တင်ဒါရန်ပုံငွေကို တိုင်းဒေသကြီးအစိုးရ ပိုလျှံရန်ပုံငွေမှာပြန်လည်အပ်နှံရမဲ့ အစား ပြန်လည်မအပ်နှံဘဲ တင်ဒါပိုလျှံငွေနဲ့ အရံကတ္တရာဆိုပြီး ထပ်တောင်း ဝယ်ခဲ့သေးတယ်။ ဒီလိုလုပ်ရပ်တွေဟာလည်း ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနဲ့ တင်ဒါစည်းမျဉ်းကို ချိုးဖောက်တယ်”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရ စည်ပင်သာယာရေးအဖွဲ့မှ ညွန်ကြားရေးမှူးဦးအောင်မင်းနိုင်အား ရာထူးချပြီး ဖျာပုံမြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိအဖြစ် ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။ သို့ရာတွင် ရာထူးချထားခံရသူ ဒုတိယညွန်ကြားရေးမှူး ဦးအောင်မင်းနိုင်က ဧရာဝတီတိုင်းဒေသကြီးအစိုးရထံ ပင်စင် တင်ထားကြောင်းနှင် ပင်စင်အား တိုင်းဒေသကြီးအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဆက်လက်လုပ်ဆောင်မည်ဟု သိရှိရသည်။

ထို့ပြင် ဦးအောင်မင်းနိုင်သည် ပထမအကြိမ်အစိုးရလက်ထက်တွင်လည်း ခင်းရမည့်လမ်း ၁၀၀ ခန့်အား ဘတ်ဂျက်နှစ်မတိုင်ခင် ကြိုတင်ခင်းခဲ့ကြောင်း၊ အဆိုပါ လမ်းခင်းခြင်းများအား သီးခြားငွေစာရင်း ဖွင့်လှစ်ခင်းခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သိရသည်။

“ ခင်းရမဲ့ လမ်းပေါင်း တစ်ရာလောက်ကို ကြိုတင်ပြီး ခင်းခဲ့တယ်၊ ဘတ်ဂျက်နှစ် မတိုင်မီ ကြိုတင် လုပ်ခွင့် မရှိဘူး။ ဝန်ထမ်းစည်းမျဉ်းစည်ူကမ်းအရ လုပ်ခွင့်မရှိဘူး။ ဘတ်ဂျက်နှစ်မှာတောင် လုပ်ငန်း ကြိုတင်ဆောင်ရွက်မယ်ဆိုရင် ဝန်ကြီးကတဆင့် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက် တောင်းပြီးမှ လုပ်ရမယ်။ သူက ဘတ်ဂျက်မတိုင်ခင်  လမ်းတွေခင်းခဲ့တယ်။ ဘယ်ပိုက်ဆံနဲ့ သုံးခဲ့လဲဆို ၂၀၁၅-၁၆ မှာ ကုန်စည်ဒိုင်တွေ ရောင်းလို့ရတဲ့ပိုက်ဆံကို တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာရန်ပုံငွေကို ထည့်ရမှာ မထည့်ဘဲ သီးခြားငွေစာရင်း ဖွင့်လှစ်ခဲ့တယ်။ သီးခြားငွေစာရင်း ဖွင့်လှစ်ခွင့်မရှိဘူး။ အဲဒါ ဘဏ္ဍာရေး စည်းကမ်းဖောက်တာ ။ ဝန်ကြီးနှင့် အဖွဲ့ကို ခွင့်ပြုချက်တောင်းခံခဲ့ခြင်းမရှိလို ပထမအစိုးရလက်ထက်မှာ စစ်ဆေးခံရပြီး သတိပေးခံခဲ့ရတယ်” ဟု တိုင်းစည်ပင်ဝန်ကြီးက ပြောသည်။

ယခု NLD အစိုးရလက်ထက်တွင် ဦးအောင်မင်းနိုင်အား ဧပြီလ ၁၈ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ရာထူးတဆင့်နိမ့်ချပြီး ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ ဒုညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွေ့ခဲ့ခြင်းဖြစ်သည်။

ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွန်ကြားရေးမှူးဦးတင့်လွင်အား ဧရာဝတီတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့ တွဲဖက်တာဝန်ထမ်းဆောင်ရန် တိုင်းအစိုးရက ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးနိုင်လင်းမောင်အား ခေတ္တညွန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်လိုက်ကြောင်းကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly