ဂီတအနုပညာအတွက် ပူလစ်ဇာဆုရရှိခဲ့သည့် ရက်ပ်အဆိုတော် ခန်ဒရစ်လာမား

ဂီတအနုပညာအတွက် ပူလစ်ဇာဆုရရှိခဲ့သည့် ရက်ပ်အဆိုတော် ခန်ဒရစ်လာမား

အမေရိကန်နာမည်ကြီးရက်ပ်အဆိုတော် ခန်ဒရစ်လာမားသည် သူ၏ဂီတအနုပညာအတွက် ပူလစ်ဇာဆုကို ဆွတ်ခူးခဲ့ပြီး ယင်းဆုကို ဂန္တဝင်ဂီတ၊ ဂျက်ဇ်ဂီတတို့ဖြင့် ရရှိခြင်းမဟုတ်ပဲ ရက်ပ်ဂီတဖြင့် ဆွတ်ခူးနိုင်ခဲ့သည့် ပထမဦးဆုံး ရက်ပ်အဆိုတော်ဖြစ်လာခဲ့သည်။

အသက် ၃၀ အရွယ်ရှိ ကယ်လီဖိုးနီးယားပြည်နယ်သား ခန်ဒရစ်လာမားသည် သြဇာကြီးမားသည့်ပူလစ်ဇာဆုကို လွန်ခဲ့သော ၂၀၁၇ ခုနှစ် ဧပြီလကထွက်ရှိခဲ့သော သူ၏ Damn သီချင်းအယ်လ်ဘမ်ဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

ပူလစ်ဇာဆုရွေးချယ်ရေးအဖွဲ့၏တာဝန်ရှိသူများက ၄င်းတို့သည် ခေတ်ပေါ် အာဖရိကန်-အမေရိကန်သားတို့၏ ဘဝကို အကျဉ်းချုပ်၍ဖွဲ့နွဲ့ထားသော ဂီတအနုပညာကို ခံစားရသည့်အတွက် ယင်းသို့ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

လာမားသည် ပြီးခဲ့သောဇန်နဝါရီလကလည်း ယင်း Damn အယ်လ်ဘမ်ဖြင့် ဂရမ်ဆု ၅ ဆုကို ဆွတ်ခူးခဲ့သည်။ သို့သော်လည်း ယင်းဆုပေးပွဲ၌ Damn အယ်လ်ဘမ်သည် တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ်ဆုကို ဆွတ်ခူးခဲ့ခြင်းမရှိပဲ ဘရူနိုမားစ်၏ အယ်လ်ဘမ်ကသာ ဆုရရှိခဲ့ကြောင်း သိရသည်။

Damn အယ်လ်ဘမ်သည် အမေရိကန်၌ စတင်ဖြန့်ချီခဲ့ပြီး တစ်လအတွင်း၌ ပလက်တီနမ်အဆင့်အထိ ရောက်ရှိ ခဲ့ပြီး ယခုအခါတွင် အချပ်ရေတစ်သန်းကျော်ခန့် ရောင်းချထားရပြီဖြစ်ကာ အင်တာနက်မှထုတ်လွှင့်ရမှုများကိုပါ ထည့်တွက်ပါက အချပ်ရေ ၃.၁ သန်းအထိ ရောင်းချနိုင်ခဲ့ပြီဟု သိရသည်။

ယင်းအယ်လ်ဘမ်အတွင်း၌ လာမားသည် သူ၏ စိတ်ပါ၀င်စားမှု၊ ၀ိရောဓိဖြစ်ရမှုများ၊ အမေရိကန်ပြည်တွင်းရှိ ၀ရုန်းသုန်းကားယဉ်ကျေးမှုအခြေအနေများနှင့် နောက်ခံနိုင်ငံရေးအခြေအနေများအတွင်း ကျရှုံးခဲ့ရမှုများကို ရေးစပ်သီကုံးထားခဲ့သည်။

ယခင်က ပူလစ်ဇာဆုကိုရရှိခဲ့ဖူးသော ဂီတလောကသားများမှာ ဂျက်ဇ်ဂီတပညာရှင် ၀ိုင်တွန်မာဆဲလစ်နှင့် အောနက်ကိုးလ်မန်းတို့ဖြစ်ကြသည်။

ပူလစ်ဇာဆုသည် အမေရိကန်စာနယ်ဇင်းနှင့် သတင်းပညာလောကသားများကို အသိအမှတ်ပြုသည့်အနေဖြင့် ပေးအပ်သော သြဇာကြီးမားသည့်ဆုအဖြစ် လူသိများသော်လည်း ယင်းဆုကို ၀တ္ထုစာပေ၊ ကဗျာနှင့် ဂီတအနုပညာတို့တွင် ထူးချွန်သူများကိုလည်း ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly