အောင်စန်းပွင့်ဇာတ်ကားမှောက် ၊ လူ ၆ ဦးသေ ဒဏ်ရာရသူများပြား

အောင်စန်းပွင့်ဇာတ်ကားမှောက် ၊ လူ ၆ ဦးသေ ဒဏ်ရာရသူများပြား

ရန်ကုန် ၊ ဧပြီ ၃ ။              ။ အောင်စန်းပွင့် ဇာတ်သဘင်ကားသည် ရခိုင်ပြည်နယ်တွင် ကပြဖျော်ဖြေရန် သွားရောက်စဉ် ယမန်နေ့ ဧပြီလ ၂ ရက်နေ့ညနေတွင် ဂွမြို့နှင့် ၂၈ မိုင်အကွာတွင်  ချောက်ထဲသို့ ထိုးကျခဲ့ပြီး တိမ်းမှောက်ခဲ့ရာ လူ ၆ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီ(ဗဟို)က သတင်းထုတ်ပြန်ထားသည်။

ယာဉ်တိမ်းမှောက်ရာနေရာသို့ ဒေသခံ စစ်ဘက်၊ နယ်ဘက်၊ ရဲအဖွဲ့များ၊ ပရဟိတအဖွဲ့များက ကူညီကယ်တင် ခဲ့ပြီး သဘင်လူမှုကူညီ ရေး(ဗဟို) ၊ ရန်ကုန်သဘင်(ဗဟို)၊ နှင့် မန္တလေးသဘင် လူမှုကူညီရေးအသင်း၊ မကွေး သဘင်လူမှုကူညီရေးအဖွဲ့များက ကူညီရန် သွားရောက်နေပြီ ဖြစ်သည်ဟု သဘင်လူမှုကူညီစောင့်ရှောက်ရေး ကော်မတီ (ဗဟို) က ထုတ်ပြန်ချက်တွင် ပါရှိသည်။

မင်းသမီး ၊ ပြဇာတ်မင်းသမီး အပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး ငါးသိုင်းချောင်းဆေးရုံသို့ ၁၂ ဦး ၊ ရေကြည်ဆေးရုံသို့ ၄ ဦး  နှင့် ဂွဆေးရုံသို့ ၂ ဦး တင်ပို့ကုသထားသည်ဟု သိရသည်။

ဇာတ်သဘင်ကား တိမ်းမှောက်မှုသည် တစ်လအတွင်း နှစ်ကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ကလည်း မင်းမင်းဦး အလှသစ် ဇာတ်အဖွဲ့သည် ရပ်စောက် - နောင်ချို ကြားရှိ တံတားအနီး တွင် တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်တွင်ပါရှိသည် အနုပညာရှင်  ၈ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ဇာတ်အဖွဲ့များအနေဖြင့် ကပြဖျော်ဖြေမည့် ဒေသသို့ သွားရောက်ရာတွင် ကားပေါ်၌ ဇာတ်ပစ္စည်းများ ၊ လူများ စုပေါင်းပြီး စီးနင်းသွားလာနေရခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly