တွန်းဇံမြို့၊ ဟားခါးလေးရွာ ရုတ်တရက်ရေကြီး၊ အိမ် ၅၉လုံးရေမြုပ်၊ လူနှစ်ဦးရေထဲမျောပါ

တွန်းဇံမြို့၊ ဟားခါးလေးရွာ ရုတ်တရက်ရေကြီး၊ အိမ် ၅၉လုံးရေမြုပ်၊ လူနှစ်ဦးရေထဲမျောပါ
ချင်းပြည်နယ်ဟားခါးမြို့ ရေကြီး မြေပြိုမှုကြောင့် ပျက်စီးနေသည်ကို တွေ့ရစဉ်။  (ဓာတ်ပုံ- ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဖေ့စ်ဘုတ်)

ရန်ကုန် သြဂုတ် ၂၈ ။          ။ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ ဟားခါးလေးကျေးရွာတွင်ရုတ်တရက် ရေကြီးလာကာ အိမ် ၅၉ လုံး ရေဖုံးလွှမ်းကာ လူ  နှစ်ဦးရေစီးနှင့် မျောပါခဲ့ပြီး ၎င်းတို့အသက်သေ ဆုံးမှုရှိမရှိကို အတည် မပြုနိုင်သေးကြောင်း ဖလမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှုး ဦးထင်ကျော်အေးက မဇ္ဈိမကိုပြောသည်။

၎င်းက  "မနက် ၃နာရီလောက် နှုန်းတွေနဲ့ ရေတက်လာတယ်၊ ရေတော့ကျနေပြီ။ ဒါပေမယ့် နှုန်းတွေက ကျန်နေခဲ့တယ်။ အိမ် ၅၉ လောက်မြုပ်နေပါတယ်။ မနေ့ကတော့ အဲဒီအပေါ်ဖက်တောင်ပေါ်ဖက် မှာ မိုးရွာတယ်၊ တောင်တွေ တော်တော်ပြိုတယ်ထင်တယ်။ အဲဒီအထက်ဖက် အခြေအနေကိုလည်း သွားကြည့် နေတယ်" ဟု ဆိုသည်။

နတ်မြောင်း ချောင်းအတွင်း နွံ့များစွာပါသည် ရေများဝင်ရောက် စီးဆင်းသဖြင့် ယင်းမြစ်ဘေးရှိ ဟားခါးလေး ကျေးရွာရှိ နေအိမ်များရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ဟားခါးလေးကျေးရွာသည် ရာဇဂြိုဟ် ဆည်၏ အထက်ပိုင်း တွင်တည်ရှိသည်။

ရေရုတ်တရက်မြင့်တက်လာပြီး ရေပြန်ကျသွားသည့်အခါ နှုန်းများတင်ကျန်ခဲ့မှုကြောင့် အိမ်အလုံး ၅၉လုံး ထိ နွံ့များနစ်မြုပ်နေပြီး ယင်းအိမ်ထောင်စုမှ မိသားစုဝင် ၃၁၀ကိုရေဘေးလွတ်ရာအခြားနေရာသို့ ရွှေ့ပြောင်းပေး ထားသည်။  ၎င်းတို့အတွက် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများဖြစ်သည့် မိုးကာတဲ အလုံး ၆၀နှင့် ဆန်အိတ် ၂၀တို့ ကိုယူဆောင်ကာ သြဂုတ်လ ၂၈ရက် မနက်ပိုင်းတွင် ဖလမ်းမှ တွန်းဇံသို့ သွားရောက်ကယ်ဆယ်ရေး ပြုလုပ်နေကြောင်း ဦးထင်ကျော်အေးက ဆိုသည်။

နွံ့ နစ်မြုပ်မှုကို မျက်မြင်တွေ့ရှိရသည်ဟု ဆိုသည့် ဟားခါးကလေးရွာဘေးရှိ ရှယ်ထောဇံရွာမှ အလယ်တန်းပြ ကျောင်းဆရာ ဦးပြည့်စုံထွန်းက "ကျွန်တော်တို့ ၅ဖာလုံလောက်ကပဲ လှမ်းကြည့် လို့ရတယ် အိမ် ၄၊ ၅အိမ်လောက်ပဲ မြင်ရတော့တယ်။ ည ၂နာရီလောက်က ရေတက်ပြီး နွံ့တွေပါပါလာတာ၊ တွန်းဇံနဲ့ဆိုရင် အဲဒီရွာက ၁၁၅မိုင်လောက်ဝေးတယ်" ဟု ဆိုသည်။

ဇူလိုင်လကုန်နှင့် သြဂုတ်လဆန်း မိုးကြီးရေလျှံမှုကြောင့်လည်း ချင်းပြည်နယ် ဟားခါးအပါအဝင်၊ မြန်မာ တစ်နိုင်ငံလုံးနီးပါး ရေကြီးရေလျှံ၊ မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၁ ဒဿမ ၆သန်း ရေဘေးသင့်ကာ၊ လူ ၁၀၀ကျော် အသက်ဆုံးရှုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly