မြောင်းမြကြိုးတံတား ပြတ်ကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေရန် ဆောင်ရွက်ထားဟု တိုင်းဝန်ကြီးပြော

မြောင်းမြကြိုးတံတား ပြတ်ကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေရန် ဆောင်ရွက်ထားဟု တိုင်းဝန်ကြီးပြော

ပုသိမ်၊ ဧပြီ ၁ ။             ။ ပြတ်ကျသွားသော မြောင်းမြကြိုးတံတားနှင့်ပတ်သက်ပြီး လတ်တလော လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန် ဆောင်ရွက်နေကြောင်း ဧရာဝတီတိုင်း၊ လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

" မြစ်အထက်ဘက်ရော အောက်ဘက်ရော ရေလမ်းကြောင်း အန္တရာယ်ကင်းရှင်းရေး လုပ်ထားတယ်၊ လပွတ္တာနှင့်မြောင်းမြမြို့နယ်ရှိ ခရီးသွားလာရေး ရန်ကုန်ဘက်ကိုသွားမယ့် ခရီးသွားလာရေးကို အားချင်း ဆောင်ရွက်နေပါတယ်၊ ဇက်တွေ ကပ်နိုင်မဲ့ လမ်းကြောင်းတွေရှာပြီး ပုသိမ်ဘက်ကရော၊  ရန်ကုန်ဘက်ကရော လာပြီး ဇက်တွေကိုချိတ်နေပါပြီ” ဟု လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အနီး၊ လပွ္ပတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော် ကားလမ်းမပေါ်ရှိ ရွေးမြစ်အားဖြတ်ကူးတည်ဆောက်ထားသည့် မြောင်းမြမြို့အဝင် ကြိုးတံတားသည် ဧပြီလ ၁ ရက်နေ့၊ နံနက် ၁ နာရီ ၄၅ မိနစ်တွင် မြောင်းမြဘက်ကမ်း ဆိုင်းကြိုး ပြတ်တောက်ကာ တံတားပြတ် ကျခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မှ မြောင်းမြသို့ မောင်းနှင်လာသော Nissan UD အဖြူရောင်(၆)ဘီးကုန်တင်ယာဉ် ဖြတ်သန်းမောင်းနှင် စဉ် တံတားပြတ်ကျခြင်း ဖြစ်ပြီး အဆိုပါကုန်တင်ယာဉ်သည်   ရွေးမြစ်အတွင်းသို့ ပြုတ်ကျသွားကာ မြောင်းမြမြို့ နတ်စင်လမ်းမှ ဦးအောင်ကြီး၏ ၆ဘီးကားယာဉ်မောင်း မဲကြီး(ခ)သန့်ဇော်ထိုက်နှင့်စပယ်ယာတစ်ဦး ပေါင်း(၂)ဦး ပျောက်ဆုံးလျက်ရှိ၍  လက်ရှိအချိန်ထိ ပြန်လည်မတွေ့ရှိသေးပေ။

မြောင်းမြကြိုးတံတားအား ဧရာဝတီတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ် တည်ဆောက်ခဲ့သော တံတားဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁) ၊ မြောင်းမြတံတားတည်ဆောက်ရေး စီမံကိန်းမှ ၁၉၉၄ ခုနှစ် စတင်တည်ဆောက်ပြီး၊ ၁၉၉၆ တွင် ပြီးစီးခဲ့သည်။

မြောင်းမြကြိုးတံတားအား ၁၉၉၆ခုနှစ်တွင်  စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်တန်ချိန်အားဖြင့် ၂၀ တန် ခွင့်ပြု ထားကြောင်း သိရှိရပြီး၊ မြောင်းမြမြို့တွင် တံတားအသစ်တစ်စင်းကို ၂၀၁၇-၁၈ ဘတ်ဂျက်မှ စတင် တည်ဆောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly