ရဲလုပ်ထုံးလုပ်နည်းနှင့်မညီ စစ်ဆေးခဲ့မှုတွင် ပါဝင်ပတ်သက်သူများအား လူ့အခွင့်အရေးကော်မရှင်မှ စစ်ဆေးမည်

ရဲလုပ်ထုံးလုပ်နည်းနှင့်မညီ စစ်ဆေးခဲ့မှုတွင် ပါဝင်ပတ်သက်သူများအား လူ့အခွင့်အရေးကော်မရှင်မှ စစ်ဆေးမည်

လပွတ္တာမြို့နယ်၊ပိုးလောင်းနယ်မြေရဲစခန်းတွင် ခိုးမှု၊ မသင်္ကာမှုဖြင့် စစ်ဆေးခဲ့သော ဖြစ်စဉ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်သူများအား စစ်ဆေးမေးမြန်းသွားမည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြောသည်။

မြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေးကော်မရှင်သို့ ကာယကံရှင်အမျိုးသား ၂ ဦးက မတိုင်ကြားခဲ့သော်လည်း သတင်းကြား၍ မတ်လ ၂၉ ရက်က လာရောက်စစ်ဆေးခြင်းဖြစ်သည်ဟု သိရသည်။

"မသင်္ကာ တရားခံနှစ်ဦးကို ခေါ်ယူစစ်ဆေးတဲ့ အခါမှာ လူအခွင့်အရေးချိုးဖောက် နစ်နာမှုများရှိတယ်ဆိုတာ တွေ့ရှိရတဲ့အတွက် ဒါကို ကွင်းဆင်းစစ်ဆေးဖို့ လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကော်မရှင် ဥပဒေပုဒ်မ ၁၂(ဃ)အရ လာရောက်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကော်မရှင် ဥပဒေအရ လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုင်ကြားသည်ဖြစ်စေ၊ သိရရင်ဖြစ်စေ ကွင်းဆင်းစစ်ဆေးဆောင်ရွက်နိုင်တယ်လို့ လုပ်ပိုင်ခွင့်ပေးထားတာဖြစ်တယ်။" ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောသည်။ 

ဖြစ်စဉ်မှာ ဇန်နဝါရီလအတွင်းက လပွတ္တာမြို့နယ်၊ ဒေါင်ချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ငွေကျပ် သိန်း ၄၀၀ ခိုးယူမှုနှင့်ပတ်သက်ပြီး ဒေါင်ချောင်းကျေးရွာနေသူနှစ်ဦး မသင်္ကာ၍ခေါ်ယူစစ်ဆေးရာ ပိုးလောင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက တုတ်တန်းတွင် ဆွဲထားခြင်းများ၊ ရိုက်နှက်ခြင်းများအပြင် ပေါင်နှင့် အမျိုးသားအင်္ဂါများသို့ ဖယောင်းစက်ချခြင်း၊ ရေသန့်ဗူးခွံမီးရှို့ အစက်ချခြင်းများ၊ ပလပ်စတစ်ကြိုး မီးရှို့ပြီး အစက်ချခြင်းများအား ပြုလုပ်ခံရကြောင်းကို ကာယကံရှင်များက မီဒီယာသို့ ပြောခဲ့ကြသည်။

ထိုသို့ ညှင်းပင်းနှိပ်စက်ခံရသူများကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က တစ်ဦးလျှင် ကျပ် ငါးသောင်းစီ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေသို့ ကွင်းဆင်းစစ်ဆေးခြင်းများ သက်ဆိုင်ရာတာဝန်ရှိသူများအား ကွင်းဆင်းစစ်ဆေးသွားမည်ဟု သိရှိရသည်။

"အစီရင်ခံစာကို တစ်ပတ်အတွင်း အပြီးရေးမှာပါ။ သက်ဆိုင်ရာဌာနက ပါဝင်ပတ်သက်တဲ့သူတွေအားလုံး အဆင့်အတန်း မရွေးပါဘူး။ ပါဝင်ပတ်သက်နိုင်တဲ့ တာဝန်ရှိသူအားလုံးကို စစ်ဆေးဖို့ မေးမြန်းဖို့ တာဝန်ရှိပါတယ်။ မေးမြန်းလို့လည်း ရပါတယ်။”ဟု ဦးဘုန်းကြွယ်က ပြောသည်။

၎င်းတို့ ၂ ဦးအား ဒဏ်ရာများကို ဆေးကုသမှုခံယူရန် ဒေါင်ချောင်းကျေးရွာမှ ဆရာတော်က လပွတ္တာမြို့နယ်၊ ၃ မိုင်ဆေးရုံသို့ တင်ပို့ပေးခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိသည်။

လက်ရှိတွင် ပိုးလောင်းနယ်မြေရဲစခန်းမှ စခန်းမှူးနှင့်အခြားအဆင့် ၃ ဦးကိုလည်း ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် စစ်ဆေးနေကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly