ရဲစခန်းတွင် လူ့အခွင့်အရေးချိုးဖောက်နှိပ်စက်ခံရမှု လူ့အခွင့်အရေးကော်မရှင် စစ်ဆေး

ရဲစခန်းတွင် လူ့အခွင့်အရေးချိုးဖောက်နှိပ်စက်ခံရမှု လူ့အခွင့်အရေးကော်မရှင် စစ်ဆေး

မတ်၂၉ ။           ။  လပွတ္တာမြို့နယ်၊ ဒေါင်ချောင်းကျေးရွာတွင် ခိုးမှုဖြင့် မသင်္ကာသူများကို ပိုးလောင်းနယ်မြေရဲကင်းတွင် ခေါ်ယူစစ်ဆေးရာ လူအခွင့်အရေးချိုးဖောက်မှုများ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေးကော်မရှင်က မတ်လ၂၉ ရက်နေ့တွင် နယ်မြေကွင်းဆင်းစစ်ဆေးခဲ့ သည်။

ဇန်နဝါရီလ၂၁ ရက်နေ့က ပိုးလောင်းနယ်မြေရဲကင်းတွင် ဒေါင်ချောင်းကျေးရွာ ခိုးမှုနှင့်ပတ်သက်ပြီး သံသယရှိသူ ဦးခင်မောင်လတ်ကို ခေါ်ယူစစ်ဆေးခဲ့ပြီး ဒေါင်ချောင်းကျေးရွာမှာဦးစိုးမြတ်အောင်ကို ထပ်မံခေါ်ယူ စစ်ဆေးခဲ့သည်။ ၎င်းတို့အား ပလပ်စတစ်စမီးရှို့ပြီး ပေါင်နှင့် မမြင်သင့်သည့် ခန္ဓာကိုယ်ပေါ်သို့ အစက်ချပြီး စစ်မေးခဲ့ကြောင်းကို သံသယဖြင့် ခေါ်ယူစစ်ဆေးခံရသူနှစ်ဦးက ပြောသည်။

နယ်မြေကွင်းဆင်းစစ်ဆေးရေး တစ်ပတ်အတွင်း ကွင်းဆင်းစစ်ဆေးမှုကို အပြီးဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဒေါင်ချောင်းကျေးရွာ ပိုးလောင်နယ်မြေရဲကင်းကိုလည်း သွားရောက်မေးမြန်းခဲ့ကြောင်း   မြန်မာနိုင်ငံ အမျိုးသားလူအခွင့်အရေးကော်မရှင် အတွင်းရေးမှူးဦးဘုန်းကြွယ်က ပြောသည်။

ညှင်းပန်းခံရသူ ဒေါင်ချောင်းကျေးရွာနေသူ ဦးခင်မောင်လတ်နှင့် ဦးစိုးမြတ်အောင်တို့နှစ်ဦးအား လပွတ္တာမြို့နယ်တွင် မတ်လ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသား လူအခွင့်အရေးကော်မရှင် က စစ်ဆေးခဲ့သည်။

ပိုးလောင်းနယ်မြေရဲစခန်းမှ စခန်းမှူးနှင့် အခြားအဆင့်တပ်ဖွဲ့ဝင် သုံးဦးအား ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ စစ်ဆေးနေကြောင်းကို ဧရာဝတီတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးခင်မောင်လတ်က ပြောသည်။

"ခိုးမှုနှင့် ပတ်သက်ပြီး မင်္သကာတဲ့သူတွေကို စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ စည်းကမ်းစနစ်တကျနဲ့ မစစ်ဆေးတဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီး အရေးယူထားပါတယ်၊ ဒီလိုလုပ်တဲ့ တပ်ဖွဲ့ဝင်သုံးဦး ကြီးကြပ်ကွပ်ကဲတဲ့ ရဲကင်းရဲစခန်းမှူး၊ မြို့နယ်မှူး အထိ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပြီး ရဲစည်းကမ်းထိန်းသိမ်းရေးအရ အရေးယူသွားမှာပါ၊ မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးပြီး စုံးစမ်းစစ်ဆေးနေပါပြီ”ဟု ဒုတိယရဲမှူး ကြီးခင်မောင်လတ်က ပြောသည်။

“ကျွန်တော်ကို ပထမစစ်တာတော့ ပါးရိုက်တာတို့ လက်ပြန်ကြိုးတုပ်ပြီး ထုပ်တန်းမှာဆွဲပြီး စစ်တာတို့လုပ်တယ်၊ ကျွန်တော်က မဟုတ်လို့ မဟုတ်ဘူးပြောပါတယ်၊ ရက်၂၀ကျော်လာတော့ ဖယောင်စက်တွေချတယ်။ ပေါင်နဲ့ တခြားမမြင်တဲ့ နေရာတွေကို။ မဟုတ်ပါဘူးပြောတော့ ပါးတွေကို ဖိနပ်နဲ့ပါးရိုက်တယ်၊ အဲဒီနေ့က အရက်မူးတော့ ပလပ်စတစ်ကြိုးကို ထိပ်ကနေမီးရှို့ အပေါ်က ကျွန်တော်တို့ ခန္ဓာကိုယ်ကို ဒူးခေါင်းကနေချက်အထိ ချတယ် ။ မဟုတ်ပါဘူးပြောလေ ချလေပဲ ”ဟု စစ်ဆေးခံခဲ့ရသူ ဦးခင်မောင်လတ်က ပြောသည်။

ဖမ်းဆီးစစ်ဆေးခံရသူ ဦးစိုးမြတ်အောင်က "သူတို့ကို ခွင့်မလွှတ်နိုင်ဘူး။ တော်တော်ကြီး ခံစားရလို့ပါ၊ စခန်းမှူးတွေကော နယ်ထိန်းတွေကော တော်တော် ရက်စက်တာပါ၊ ခွင့်မလွှတ်ဘူး”ဟုပြောသည်။

ဒုတိယရဲမှူးကြီးခင်မောင်လတ်က "အဖြစ်မှန်တွေ သိရအောင် စုံးစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးနေပါတယ်၊ အမှန်တိုင်းသိရအောင် စစ်ဆေးနေပါတယ်။ စည်းကမ်းစနစ်တကျနဲ့ လုပ်ဆောင်မှုမရှိရင် ရဲစည်းကမ်း ထိန်းသိမ်းရေးအရ အရေးယူပါတယ်၊ ဒါက အမှုနဲ့ပတ်သက်ပြီး စစ်ဆေးတာပေါ့။ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ဆောင်မှုမရှိပဲ ပြည်သူကို ညှင်းပန်းသလိုဖြစ်နေလို့ ဒါကို စုံးစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးနေပါတယ်”  ဟု ပြောသည်။

လပွတ္တာမြို့နယ်၊ ပြင်စလူကျေးရွာအုပ်စု ဒေါင်ချောင်းကျေးရွာတွင် ဇန်နဝါရီလအတွင်း သိန်း ၄၀၀ ကျပ် ခိုးမှုဖြစ်ပွားခဲ့ပြီး ပိုးလောင်းနယ်မြေရဲစခန်းတွင် ပြစ်မှုနံပါတ် ၈/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားသည်။ ယင်းအမှုနှင့် ပတ်သက်ပြီး မသင်္ကာသူ ဦးခင်မောင်လတ်နှင့် ဦးစိုးမြတ်အောင်တို့အား ခေါ်ယူစစ်ဆေးပြီး ဖယောင်းစက်ချခြင်း၊ ရေသန့်ဗူးခွံမီးရှို့အစက်ချခြင်း၊ ပလပ်စတစ်မီးရှို့ပြီး အစက်ချစစ်ဆေးခြင်းများ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly