မသင်္ကာမှုဖြင့် ဖမ်းဆီးထားသူများအား ရဲလုပ်ထုံးလုပ်နည်းနှင့် မစစ်ဆေးခဲ့သူများကို ခုံရုံးဖွဲ့ စစ်ဆေးမည်

မသင်္ကာမှုဖြင့် ဖမ်းဆီးထားသူများအား ရဲလုပ်ထုံးလုပ်နည်းနှင့် မစစ်ဆေးခဲ့သူများကို ခုံရုံးဖွဲ့ စစ်ဆေးမည်

လပွတ္တာမြို့နယ်၊ ပြင်စလူရဲကင်းစခန်းတွင် မသင်္ကာမှုဖြင့် ဖမ်းဆီးထားသူများအား စစ်မေးရာတွင် ဖယောင်းစက်ချခြင်း၊ ပလတ်စတစ်ကြိုးမီးရှို့အစက်ချခြင်းများအား ပေါင်နှင့် ခန္ဓာကိုယ် မမြင်ကွယ်ရာတို့တွင် ပြုလုပ်ခဲ့ကြောင်း တိုင်ကြားခံထားရမှုအပေါ် ခုံရုံးဖွဲ့စစ်ဆေးမည်ဟု သိရသည်။ 

ထိုသို့ စည်းကမ်းစနစ်တကျ အမှုစစ်ဆေးခြင်းမရှိသည့် ရဲတပ်ဖွဲ့ဝင်များအား မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးပြီး စုံစမ်းစစ်ဆေးနေကြောင်း ဒုတိယရဲမှူးကြီးခင်မောင်လတ်က ပြောသည်။

"ခိုးမှုနှင့်ပတ်သက်ပြီး မင်္သကာတဲ့သူတွေကို စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ စည်းကမ်းစနစ်တကျနဲ့ မစစ်ဆေးတဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူထားပါတယ်။ ဒီလိုလုပ်တဲ့ တပ်ဖွဲ့ဝင်သုံးဦး၊ ကြီးကြပ်ကွပ်ကဲတဲ့ ရဲကင်းရဲစခန်းမှူး၊ မြို့နယ်မှူးအထိ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပြီး ရဲစည်းကမ်းထိန်းသိမ်းရေးအရ အရေးယူသွားမှာပါ။ မြောင်းမြခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးပြီး စုံစမ်းစစ်ဆေးနေပါပြီ”ဟု ဒုတိယရဲမှူးကြီး ခင်မောင်လတ်က မဇ္ဈိမသို့ ပြောသည်။ 

ရဲတပ်ဖွဲ့ဝင်များက စစ်မေးရာတွင် ပေါင်နှင့် ခန္ဓာကိုယ် မမြင်ကွယ်ရာနေရာများသို့ ဖယောင်းစက်ချခြင်း၊ ပလတ်စတစ်စ မီးရှို့အစက်ချခြင်းတို့အပြင် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု တိုင်ကြားထားကြသည်။ 

" ကျွန်တော်ကို ပထမစစ်တာတော့ ပါးရိုက်တာတို့ လက်ပြန်ကြိုးတုပ်ပြီး ထုပ်တန်းမှာ ဆွဲပြီးစစ်တာတို့ လုပ်တယ်။ ကျွန်တော်က မဟုတ်လို့ မဟုတ်ဘူးပြောပါတယ်။ ရက်၂၀ကျော်လာတော့ ဖယောင်းစက်တွေ ချတယ်။ ပေါင်နဲ့တခြား မမြင်တဲ့နေရာတွေကို။ မဟုတ်ပါဘူးပြောတော့ ပါးတွေကို ဖိနပ်နဲ့ပါးရိုက်တယ်။ အဲဒီနေ့က အရက်မူးတော့ ပလတ်စတစ်ကြိုးကို ထိပ်ကနေ မီးရှို့ပြီး အပေါ်က ကျွန်တော်တို့ ခန္ဓာကိုယ်ကို ဒူးခေါင်းကနေ ချက်ကြားထဲပဲ ချတယ်။ မဟုတ်ပါဘူးပြောလေ ချလေပဲ။"ဟု စစ်ဆေးခံခဲ့ရသူတစ်ဦးဖြစ်သူ ဦးခင်မောင်လတ်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ၂၁ရက်နေ့တွင် ပြင်စလူရဲစခန်း၌ ဒေါင်ချောင်းကျေးရွာ ခိုးမှုနှင့်ပတ်သက်ပြီး သံသယရှိသူ ဦးခင်မောင်လတ်ကို ခေါ်ယူစစ်ဆေးခဲ့ပြီး ဒေါင်ချောင်းကျေးရွာမှ ဦးစိုးမြတ်အောင်ကို ထပ်မံခေါ်ယူစစ်ဆေးခဲ့ပြီး ၎င်းတို့အား ပလတ်စတစ်စ မီးရှို့ပြီး ပေါင်နှင့် မမြင်သင့်သော ခန္ဓာကိုယ်နေရာပေါ်သို့ အစက်ချပြီး စစ်မေးခဲ့ကြောင်း သံသယဖြင့် ခေါ်ယူစစ်ဆေးခံရသူနှစ်ဦးက ပြောသည်။ 

ဖမ်းဆီးစစ်ဆေးခံရသူ ဦးစိုးမြတ်အောင်က"သူတို့ကို ခွင့်မလွှတ်နိုင်ဘူး။ တော်တော်ကြီး ခံစားရလို့ပါ။ စခန်းမှူးတွေရော၊ နယ်ထိန်းတွေရော တော်တော်ရက်စက်တာပါ။ ခွင့်မလွှတ်ဘူး။”ဟု ပြောသည်။

ယခုတွင် ၎င်းတို့ ၂ ဦးအား ဒဏ်ရာများကို ဆေးကုသမှုခံယူရန် ဒေါင်ချောင်းကျေးရွာမှ ဆရာတော်က လပွတ္တာမြို့နယ်၊ ၃ မိုင်ဆေးရုံသို့ တင်ပို့ပေးခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိသည်။

"အဖြစ်မှန်တွေသိရအောင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးနေပါတယ်။ အမှန်တိုင်းသိရအောင် စစ်ဆေးနေပါတယ်။ စည်းကမ်းစနစ်တကျနဲ့ လုပ်ဆောင်မှုမရှိရင် ရဲစည်းကမ်းထိန်းသိမ်းရေးအရ အရေးယူပါတယ်။ဒါက အမှုနဲ့ပတ်သက်ပြီး စစ်ဆေးတာပေါ့။ လုပ်ထုံးလုပ်နည်းစ ည်းမျဉ်းစည်းကမ်းနဲ့လုပ်ဆောင်မှုမရှိဘဲ ပြည်သူကို ညှဉ်းပန်းသလိုဖြစ်နေလို့ ဒါကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးနေပါတယ်။"ဟု ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

လပွတ္တာမြို့နယ်၊ ပြင်စလူကျေးရွာ၊ ဒေါင်ချောင်းကျေးရွာတွင် ဇန်နဝါရီလတွင် ကျပ် သိန်း ၄၀၀ ခိုးမှုဖြစ်ပွားခဲ့ပြီး ပြင်စလူနယ်မြေရဲစခန်းတွင် ပနံပတ်၈ ၂၀၁၈ဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ထားပြီး မသင်္ကာသူဦးခင်မောင်လတ်နှင့် ဦးစိုးမြတ်အောင်တို့အား ခေါ်ယူစစ်ဆေးပြီး ဖယောင်းစက်ချခြင်း၊ ပလပ်စတစ်မီးရှို့ပြီး အစက်ချစစ်ဆေးခြင်းများဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly