ဒုတိယသမ္မတနေရာအတွက် ဦးဝင်းမြင့်ကို NLD ပါတီမှ အဆိုတင်

ဒုတိယသမ္မတနေရာအတွက် ဦးဝင်းမြင့်ကို NLD ပါတီမှ အဆိုတင်
ဓာတ်ပုံ - မင်းမင်း

ရန်ကုန် ၊ မတ် ၂၃ ။                 ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနရာကနေ နှုတ်ထွက်ထားသော တာမွေမြို့နယ် အမတ် ဦးဝင်းမြင့်ကို ဒုတိယသမ္မတအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြည်သူ့လွှတ်တော်မှာ အဆိုပြုထားသည်။

အဆိုပါနေရာအတွက် ပြည်ခိုင်ဖြိုးပါတီမှလည်း ပျော်ဘွယ်အမတ် ဦးသောင်းအေးကို အဆိုတင်သွင်းထားကြောင်း သိရသည်။

သမ္မတအရည်အချင်းပြည့်စုံမှုရှိမရှိ စိစစ်ရေးအဖွဲ့တွင် ပါဝင်ရမည့် ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ရာမှာ NLD ဘက်မှ ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်ကို တင်သွင်းပြီး ပြည်ခိုင်ဖြိုးပါတီဘက်မှ   မောက်မယ်အမတ် စိုင်းကောင်းစံဟိန်းတို့ကို အပြိုင်တင်သွင်းခဲ့ပြီး ဒေါ်ခင်စန်းလှိုင် ရွေးချယ်ခံခဲ့ရသည်။

ပြည်သူလွှတ်တော်မှာ ဒုတိယသမ္မတ ရွေးချယ်မယ့်  အစီအစဉ်ကို  ယနေ့ နေ့လည် တစ်နာရီတွင် စတင်မည်ဟု  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် ဦးတီခွန်မြတ်က ကြေညာပြီး အစီအစဉ်ကို ရပ်နားထားကြောင်း သိရသည်။

သမ္မတနေရာမှ နှုတ်ထွက်ခဲ့သော ဦးထင်ကျော်သည် ပြည်သူ့လွှတ်တော် အစုအဖွဲ့မှ ဖြစ်သောကြောင့် လစ်လပ်နေသော ဒုတိယသမ္မတကို ပြန်လည်ရွေးချယ်နေခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်မှ ရွေးချယ်ခံရမည့် ဒုတိယသမ္မတကို ပြည်ထောင်စုလွှတ်တော်တွင် သမ္မတအဖြစ် ပြန်လည်ရွေးချယ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly