မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့သည့် ဘင်္ဂါလီ ၁၉၃ ဦးအား ထပ်မံစိစစ်နိုင်ခဲ့

မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့သည့် ဘင်္ဂါလီ ၁၉၃ ဦးအား ထပ်မံစိစစ်နိုင်ခဲ့
ဓာတ်ပုံ - သူရ

 

ရန်ကုန် ၊ မတ် ၂၁ ။                        ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ပေးပို့ထားသည့် ဒုက္ခသည် ၈၀၃၂ ဦး စာရင်းထဲမှာ မြန်မာနိုင်ငံတွင် အမှန်တကယ် နေထိုင်ခဲ့သည့် ဘင်္ဂါလီ ဒုက္ခသည် ၁၉၃ ဦးကို ထပ်မံစစ်ဆေးအတည်ပြုနိုင်ခဲ့ သည်ဟု အစိုးရဘက်က ယမန်နေ့ မတ်လ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့ ထပ်မံစစ်ဆေးအတည်ပြုနိုင်ခဲ့သည့် ဒုက္ခသည် ၁၉၃ ဦး၏ စာရင်းအား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဆက်လက်ပေးပို့သွားမည်ဟုလည်း အစိုးရ ထုတ်ပြန်ချက်များအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့လာသည့် အဆိုပါ ဒုက္ခသည် ၈၀၃၂ဦး စာရင်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စစ်ဆေးနေခြင်းဖြစ်ပြီး မူလက ဒုက္ခသည် ၃၆၃ ဦးကို မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း စိစစ်တွေ့ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ အသိပေးအကြောင်းကြားပြီး ဖြစ်သည်။

ယင်းအတွက်ကြောင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ အမှန်တကယ် နေထိုင်ခဲ့သူဟု အတည်ပြုနိုင်ခဲ့ သည့် ဒုက္ခသည် ဦးရေသည် မူလစိစစ်ချက် ၃၆၃ ဦးနှင့် ထပ်မံစိစစ်တွေ့ရှိသည့် ၁၉၃ ဦး စုစုပေါင်း ၅၅၆ ဦးအထိ ရှိလာပြီဖြစ်သည်။ ဆက်လက်ပြီး ဒုက္ခသည်စာရင်းကို ထပ်မံစိစစ်သွားမည်ဟုလည်း အစိုးရဘက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာအစိုးရအနေဖြင့် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာပါက လက်ခံရန် အဆင်သင့်ဖြစ်နေပြီ ဟု မတ်လ ၁၄ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ပြန်လည်ဝင်ရောက်လာမည့်သူများအား  တောင်ပြိုလက်ဝဲ သို့မဟုတ် ငါးခူရ စိစစ်လက်ခံရေး စခန်းများမှတစ်ဆင့် လက်ခံသွားမည်ဖြစ်ပြီး ယင်းတို့အား လှဖိုးခေါင်ကြားစခန်း၌ ယာယီ နေထိုင်စေပြီးနောက်မူလနေရာများတွင် ပြန်လည် နေရာချထားပေးရန် မြန်မာအစိုးရက ပြင်ဆင်ထားသည်။

ရခိုင်ပြည်နယ်အတွင်းမှ ပဋိပက္ခဖြစ်စဉ်များကြောင့်  နေရပ်စွန့်ခွာသူ ဘင်္ဂါလီ လူဦးရေ ၅ သိန်းကျော် ရှိနေသည်ဟု ကုလသမဂ္ဂဘက်က ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly