ရန်ကုန် ၊ မတ် ၉ ။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်၌ တပ်မတော်နှင့် တအောဝ်း ပလောင် လက်နက်ကိုင်တပ်ဖွဲ့(TNLA) တို့အကြား ယမန်နေ့ မတ်လ ၈ ရက်နေ့က တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု TNLA ဘက်မှ သတင်းထုတ်ပြန်ထားသည်။
နမ္မတူမြို့နယ် ပန်လောကျေးရွာ နှင့် နာဆိုင်းကျေးရွာအကြားတွင် ယမန်နေ့ နံနက် ၄ နာရီ ၅၀မိနစ် ခန့် မှ နံနက် ၅ နာရီ ၃၀ မိနစ်အထိ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ သိရသည်။
"တိုက်ပွဲဖြစ်ပွားမှုသည် ငြိမ်သက်သွားခြင်းမရှိဘဲ နှစ်ဖက် အပြန်အလှန်စောင့်ကြည့်နေတဲ့ အနေအထား ဖြစ်နေပြီး တပ်မတော်ဘက်မှ အင်အားဖြည့်တင်းနေတယ်" ဟု TNLA သတင်းနှင့် ပြန်ကြားရေး ဌာနမှ ထုတ်ပြန်ထားသော်လည်း တပ်မတော်ဘက်မှ သတင်းထုတ်ပြန်ထားခြင်းမရှိပေ။
တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ နှင့် မတ်လအတွင် မကြာခဏ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်း နမ္မတူ ၊နမ့်စန် ၊ ကွတ်ခိုင်မြို့နယ်များအနီး၌ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ 'ဝ'အဖွဲ့ (UWSA) ဦးဆောင်ဖွဲ့စည်းထားသည့် FPNCC ကော်မတီတွင် ပါဝင်ထားပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားသည့် အဖွဲ့ဖြစ်သည်။