လူဦးရေကန့်သတ်မှုကြောင့် မွန်လူထုတွေ့ဆုံပွဲအချို့ ရွှေ့ဆိုင်းခဲ့ရ

လူဦးရေကန့်သတ်မှုကြောင့် မွန်လူထုတွေ့ဆုံပွဲအချို့ ရွှေ့ဆိုင်းခဲ့ရ

ရန်ကုန်၊ မတ် ၉ ။         ။ မကြာသေးခင်ကမှ အပစ်ရပ်လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီ (NMSP) ၏ မွန်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် ရည်ရွယ်ပြုလုပ်ရန်ရှိသည့် လူထုတွေ့ဆုံပွဲများတွင် တပ်မတော်မှ လူဦးရေ ကန့်သတ်ချက်များပြုလုပ်လာသောကြောင့် တွေ့ဆုံပွဲများကို ခေတ္တရွှေ့ဆိုင်းထားရကြောင်း NMSP ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှက မဇ္ဈိမသို့ပြောသည်။

မွန်ပြည်သစ်ပါတီသည် လာမည့် ဧပြီလဆန်းပိုင်းတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန်ရှိနေပြီး ရရှိလာသောအချက်များကို ၂၁ ရာစုပင်လုံတွင်တင်ပြဆွေးနွေးမည် လည်းဖြစ်သည်။

“ ကျွန်တော်တို့ဖိတ်တာ နေရာအစုံ၊ ဒေသအစုံကလူတွေပေါ့ ၂၅၀ ဝန်းကျင်ပေါ့။ လူဦးရေများတယ်ဆိုပြီး တပ်ဖက်ကပေါ့လေ ၃ နေရာပေါ့ ၂၀/ ၃၀ ထက်မကျော်စေနဲ့ပေါ့ ။ ကျော်ရင် သူတို့ခွင့်မပြုပါဘူးဆိုတော့။ ကျွန်တော်တို့လည်းအခက်အခဲတွေ့နေတာပေါ့လေ။ လူထုတွေ့ဆုံပွဲဆိုတာက လူထုနဲ့တွေ့ရမယ်လေ။ လူထုနဲ့တွေ့ပြီးတော့ ချပြရှင်းလင်းစရာရှိရင်လည်းရှင်းလင်းရမယ်။ သူတို့က ပြောတာကိုလည်း နားထောင်ရမယ်ဆိုတော့ လူနည်းရင်လည်းအဲ့ဒီ့သဘောမဆောင်တော့ဘူးပေါ့။ အဲဒါကြောင့် လုပ်ဖို့နည်းနည်း ဆိုင်းငံ့လိုက်တယ်ပေါ့ ” ဟု နိုင်ဝင်းလှက ပြောသည်။

မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပမီ တစ်နေရာလျင် လူထု ၂၅၀ ဦး ဝန်းကျင် ခန့်ဖြင့် မတ်လ ၁၀ မှ ၂၇ အတွင်း NMSP ၏ဌာနချုပ် ဧရိယာနေရာ ၅ ခုတွင် လူထုတွေ့ဆုံပွဲများကျင်းပရန် မွန်ပြည်သစ်ပါတီ စီစဉ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် လူထုတွေ့ဆုံပွဲကျင်းပရေးကိုရွှေ့ဆိုင်းထားလိုက်ပြီး လူဦးရေကန့်သတ်သည့်ကိစ္စကို သက်ဆိုင်ရာ ငြိမ်းချမ်းရေးကော်မရှင်နှင့် အတိုင်ပင်ခံဦးဆောင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ကောင်စီ (NRPC) သို့ တင်ပြထားကြောင်း NMSP ပြည်တွင်း ရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့်ညှိနှိုင်းသဘောတူချက်အရ သြင်္ကန်မတိုင်မီ ဧပြီ ၆ ရက်နေ့တွင် ရေးမြို့၌ မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် လျာထားပြီး မေလပိုင်းတွင် ၂၁ ရာစုပင်လုံ တတိယအကြိမ်ကျင်းပရန်ရည်ရွယ်ထားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့်အလားတူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) သည်လည်း လူထုတွေ့ဆုံပွဲ ကျင်းပရေးကိစ္စများတွင် ကန့်သတ်မှုများ ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly