ဆန်တန်ချိန်သုံးသန်း ပြည်ပတင်ပို့နိုင်ခြင်းသည် နှစ် ရ၀ အတွင်း စံချိန်သစ် ဟု သမ္မတပြောကြား

ဆန်တန်ချိန်သုံးသန်း ပြည်ပတင်ပို့နိုင်ခြင်းသည် နှစ် ရ၀ အတွင်း စံချိန်သစ် ဟု သမ္မတပြောကြား

ရန်ကုန် ၊ မတ် ၂ ။          ။ ယခု ဘဏ္ဍာနှစ်အတွင်း ပြည်ပ နိုင်ငံများအား ဆန်တန်ချိန် သုံးသန်း တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယင်းစံချိန်သည် နှစ်ပေါင်း ၇၀ အတွင်း စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောဆိုလိုက်သည်။

ယနေ့ မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သမ္မတ၏ သဝဏ်လွှာတွင်  ထည့်သွင်းရေးသားထားခြင်းဖြစ်သည်။

"နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံသည်သာမက ပြည်ပသို့ ဆန်တန်ချိန်(၃) သန်း တင်ပို့ရောင်းချနိုင်ခဲ့သဖြင့် နှစ်ပေါင်း ၇၀ အတွင်း စံချိန်သစ်တစ်ရပ် တင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယခုကဲ့သို့ တောင်သူလယ်သမား များ၏ ကြိုးစားအားထုတ်မှု၊ တာဝန်ရှိဌာန ဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းဆောင်ရွက်မှုတို့ အရ ပြည်ပသို့ ဆန်တန်ချိန် (၃) သန်းတင်ပို့နိုင်ခဲ့ခြင်းကြောင့် တောင်သူလယ်သမားများအားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်" ဟု သမ္မတ၏ သဝဏ်လွှာတွင်ဖော်ပြထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး အဓိကစီးပွားရေးသည် လယ်ယာလုပ်ငန်းဖြစ်သော်လည်း တောင်သူလယ်သမားအများစု၏ လူမှုစီးပွားဘ၀ နိမ့်ကျနေဆဲ ဖြစ်သည်ဟု သမ္မတက ပြောကြားသည်။

ယင်းအပြင် ရာသီဥတုပြောင်းလဲမှု ၊ သဘာဝဘေး နှင့် သစ်တောပြုန်းတီးမှုများ၏ အကျိုးဆက်ကြောင့် တောင်သူလယ်သမား များ၏ ဝင်ငွေ နိမ့်ကျခဲ့ရကြောင်း ၊ လာမည့်နှစ်အနည်းငယ်အတွင်း တိုးပွားလာ မည့် လူဦးရေအတွက် စားနပ်ရိက္ခာ ဖူလုံရန်သာမက နိုင်ငံတကာသို့ တင်ပို့နိုင်ရေးအား ဘက်ပေါင်းစုံမှ ကြိုးပမ်းနေသည်ဟု သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

လက်ရှိအစိုးရလက်ထက်တွင် လယ်ယာထွက်ကုန်သီးနှံများအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချနိုင်ရန် နိုင်ငံတကာအဆင့်မှ လက်ကားဈေးကွက်ဖြစ်ပေါ်လာရေး စနစ်တကျဆောင်ရွက်နေသည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly