မွန်ပြည်သစ်ပါတီအတွက် ဂုဏ်ပြုထောက်ခံပွဲ USDP ပြုလုပ်

မွန်ပြည်သစ်ပါတီအတွက် ဂုဏ်ပြုထောက်ခံပွဲ USDP ပြုလုပ်
ဓာတ်ပုံ-Union Solidarity and Development Party

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ။               ။ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) တွင်လက်မှတ်ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ ဂုဏ်ပြုထောက်ခံပွဲကို ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) မှဦးဆောင်ကာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့တွင် ပြုလုပ်ခဲ့သည်။

ယနေ့ (ဖေဖော်ဝါရီ) ၂၈ ရက်နေ့ ချောင်းဆုံအနောက် စိန်ပါတီကွင်းတွင် ပြုလုပ်ခဲ့သည့် အဆိုပါပွဲကို ပြည်သူ ၁၅၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောသည်။

“ လူဦးရေကတော့ ၁၅၀၀ ကျော်ပေါ့ဗျာ။ မွန်ပြည်နယ်အနေနဲ့ဆိုရင် မွန်ပြည်သစ်ပါတီက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းထဲမှာ ပါတယ်ပေါ့ဗျာ။ ကျွန်တော်တို့မွန်ပြည်နယ်ရဲ့ငြိမ်းချမ်းရေးမှာ အများကြီး အရေးကြီးတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် သူတို့ NCA ကိုတရားဝင်လက်မှတ်ထိုးတဲ့အဆင့်ရောက် တဲ့အတွက် လူတွေကနေပြီး ကြိုဆိုသင့်တယ်လို့ကျွန်တော်တို့ကယုံကြည်တယ်။ ကျွန်တော်တို့ပါတီအနေနဲ့လည်း အမျိုးသားရေးကို ဦးထိပ်ထားတဲ့ပါတီ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး ဘယ်လက်ထက်မှာပဲရရ ထောက်ခံမယ် အားပေးမယ် အားပေးကူညီမယ်” ဟု ၎င်းကဆိုသည်။

ပြည်သူများမှ တွန်းအားပေးမည်ဆိုပါက ငြိမ်းချမ်းရေးရရန်ပိုမိုနီးစပ်လာမည်ဆိုသည့် သဘောကိုလည်း သိစေချင်သည့်အတွက် ထိုကဲ့သို့စီစဉ်ရခြင်းဖြစ်ကြောင်း ဦးဝင်းမော်ဦးက ဆိုသည်။

အဆိုပါထောက်ခံပွဲကို အင်အား ၃၀၀၀ ခွင့်ပြုမိန့်တင်ပြထားသော်လည်း လူ ၁၅၀၀ ကျော် တက်ရောက်ခဲ့ပြီး မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးပါတီများ၊ မွန်စာပေယဉ်ကျေးမှုကော်မတီ အပါအဝင် ပြည်သူများ တက်ရောက် ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရသည်။

မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် (NCA) ကို ရေးထိုးခဲ့ခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly