လူထု သတင်းအချက်အလက် မှန်ကန်စွာ သိစေရေးအတွက် ဂျာနယ်ထုတ်ဝေရခြင်းဟု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင် ပြော

လူထု သတင်းအချက်အလက် မှန်ကန်စွာ သိစေရေးအတွက် ဂျာနယ်ထုတ်ဝေရခြင်းဟု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင် ပြော
(ဓာတ်ပုံ-သူရ၊မဇ္ဈိမ)

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ။                          ။ လူထုက တကယ့် သတင်းအချက်အလက် မှန်မှန်ကန်ကန် သိစေရန်အတွက် ချင်းပြည်နယ်အစိုးရမှ တောင်ဇလပ် တိုင်း(မ်) လစဉ်ထုတ်ဂျာနယ်ကို ထုတ်ဝေလိုက်ခြင်းဖြစ်ကြောင်း ချင်းပြည်နယ်၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

“ ကျွန်တော်တို့အစိုးရတာဝန်ယူတာ ၂ နှစ်လောက်ထိ ပြည်သူလူထုတွေကြားထဲမှာ အစိုးရရဲ့ ဘတ်ဂျက် သုံးစွဲမှုက အစပေါ့ ။ လုပ်ငန်းဆောင်ရွက်မှုတွေကို မသိတာက များလာတယ်လေ။ အဲ့တော့ကျွန်တော်တို့က လူထုရဲ့ သတင်းသိပိုင်ခွင့် ကို လုပ်ဖို့လိုလာပြီ။ လူထုက မှန်မှန်ကန်ကန် သိဖို့လိုလာပြီ။ ကြားခံတွေရေးပြီးတော့ လွဲနေတဲ့ဟာမျိုး မဟုတ်ဘဲ တကယ့်အချက်အလက် မှန်မှန်ကန်ကန်၊ သတင်းအချက်အလက်မှန်မှန်ကန်ကန် သိဖို့လိုလာတဲ့အခါကြတော့ နောက်ဆုံးမှာ တောင်ဇလပ်တိုင်း(မ်)ကို ပြည်နယ်အစိုးရက အဖွဲ့ရဲ့ ဆုံးဖြတ်ချက် နဲ့ပေါ့ ထုတ်ဝေဖြစ်တယ်ပေါ့ ” ဟု ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်၏ ဦးဆောင်မှုဖြင့် တစ်လတစ်ကြိမ် ထုတ်ဝေနေခြင်း ဖြစ်ပြီး ယင်းအပေါ် ချင်းမီဒီယာများမှ အပြင်းအထန် ကန့်ကွက်ကြောင်း ထုတ်ပြန်စာတစ်စောင် ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်)တွင် ထုတ်ပြန်လိုက်သည်။

ချင်းမီဒီယာ ၁၃ ခုမှ ပူးပေါင်းပြီး အပြင်းအထန်ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် သတင်းမီဒီယာစာနယ်ဇင်း လုပ်ငန်းသည် အစိုးရ၏လုပ်ငန်း မဟုတ်ကြောင်းလည်း ပါရှိသည်။

 “ ဒီဂျာနယ်ထုတ်တယ်ဆိုတာ အစိုးရအလုပ်မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ပြည်နယ်နဲ့ တိုင်းကို ကြည့်လိုက်ရင် တော့ ချင်းပြည်နယ်မှာ မီဒီယာက အများဆုံးဖြစ်တယ်လို့ သိရတယ်ပေါ့လေ။ သူ့ရဲ့ မျိုးနွယ်စုဘာသာစကားနဲ့ ထုတ်ကြတယ်။  ချင်းမီဒီယာတွေအများကြီးရှိတဲ့နေရာမှာ အစိုးရက ဂျာနယ်တစ်ခုကို တည်ထောင်တယ်။ ထုတ်တယ်ဆိုတာက ကျွန်တော်တို့ချင်းမီဒီယာတွေကို သက်သက်မဲ့ချိုးနှိမ်တယ်လို့ ခံယူတယ်ပေါ့လေ ”  ဟု ချင်းမီဒီယာကွန်ယက်မှ ဒါရိုက်တာဖြစ်သူ ဆလိုင်းရောဘတ်က ပြောသည်။

ထို့အပြင် ချင်းမီဒီယာများအနေဖြင့် သတင်းရယူပိုင်ခွင့်နှင့်ပက်သက်ပြီး လွပ်လပ်ခွင့်မရှိသည့်အပြင် အစိုးရ၏ ဌာနဆိုင်ရာများမှ သတင်းအချက်အလက် ရပိုင်ခွင့်၊ ချင်းပြည်နယ် လွတ်တော်သို့သွားရောက် သတင်းယူခွင့် ကိစ္စတွင်လည်းအခက်အခဲများရှိနေကြောင်း ဆလိုင်းရောဘတ်က ဆိုသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ကမူ အစိုးရ၏ လုပ်ငန်းဆောင်တာများနှင့် ဘတ်ဂျက် သုံးစွဲမှု အခြေအနေများကို ပြည်သူလူထုထံ ချပြနိုင်ရန်အတွက် ဖြစ်ပြီး ချင်းမီဒီယာများအနေဖြင့် လွတ်လပ်စွာ ရယူပိုင်ခွင့်ကိုလည်း ပေးထားကြောင်း ဝန်ကြီးက ပြောသည်။

ချင်းပြည်နယ်အစိုးရမှ ပြည်သူ့ဘဏ္ဍာ အသုံးပြုကာ ဂျာနယ်ထုတ်ဝေခြင်းအပေါ် ချင်းမီဒီယာကွန်ယက် အဖွဲ့ဝင်များက ကန့်ကွက်ရခြင်းဖြစ်ကြောင်း သိရပြီး ပြည်နယ်အစိုးရအနေဖြင့် ဂျာနယ်ထုတ်ဝေခြင်းထက် မီဒီယာသမားများကို သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီလွယ်ကူစွာရရှိနိုင်ရန် ပိုမိုဖန်တီးပေးသင့်ကြောင်းလည်း ချင်းမီဒီယာကွန်ယက်မှ အကြံပြုသည်။

The Chinland Post ၊ The Chin World ၊ The Chinland Herald ၊ The Hakha Post အပါအဝင်  ချင်းမီဒီယာ ၁၃ ခုက ကန့်ကွက်စာထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ထိုကဲ့သို့ ဂျာနယ်ထုတ်ဝေခြင်းသည် အာဏာရ (NLD) ပါတီ ၏ ရပ်တည်ချက်ဖြင့်လည်း ကွဲလွဲနေကြောင်း ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly