FDA ၀န်ထမ်းအမျိုးသမီးသေဆုံးမှုအတွက် အငှားယာဉ်မောင်း မျိုးဇော်ဦးကို လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်

FDA ၀န်ထမ်းအမျိုးသမီးသေဆုံးမှုအတွက် အငှားယာဉ်မောင်း မျိုးဇော်ဦးကို လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်
ဓာတ်ပုံ - သူရ/မဇ္ဈိမ

FDA ဝန်ထမ်း ဒုဦးစီးမှူး အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခံရသည့် အမှုနဲ့ပတ်သက်ပြီး အငှားယာဉ်မောင်း မျိုးဇော်ဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ လူသတ်မှု၊ မုဒိမ်းမှုတွေအပါအဝင် ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ပုဒ်မ ၃၉၄၊ ၃၇၆၊ ၃၇၇၊ ၃၀၂ တို့နဲ့ အမှုဖွင့်ထားတာဖြစ်ပြီး ဒုရဲအုပ် ချမ်းမြေ့အောင်က တရားလိုပြုပြီး အမှုဖွင့် ထားတာလို့ တရားရုံးတာဝန်ကျရဲအရာရှိတစ်ဦးက မဇ္ဈိမကိုပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၂၇ ရက်မှာ မျိုးဇော်ဦးကို ဒုတိယ ခရိုင်တရားသူကြီး ၄ မှာ ရုံးထုတ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

အငှားယာဉ်မောင်း မျိုးဇော်ဦးကို ဖေဖော်ဝါရီ ၈ ရက်နေ့က ဒဂုံမြို့သစ်မြောက်ပိုင်း တရားရုံးမှာချုပ်ရက် (ရမန်) ရယူခဲ့ပြီး ဒီနေ့ဖေဖော်ဝါရီလ ၂၂ ရက် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ရက်နေ့ ညပိုင်းက FDA ဝန်ထမ်းအမျိုးသမီးသည် ကားငှား၍ နေအိမ်သို့ပြန်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ငမိုးရိမ်ချောင်း ဘေးမှာရှိတဲ့ ဖူဆယ်အားကစားရုံနားမှာ ဝဲပါး၊ လည်ပင်းဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာတွေနဲ့ အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့သူမှာ  ဒဂုံမြို့သစ်(မြောက်ပိုင်း) မှာနေထိုင်တဲ့အသက် ၂၇ နှစ် အရွယ် တက္ကစီယာဉ်မောင်း မျိုးဇော်ဦးဆိုသူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ခရိုင် ၄ ခရိုင်ပူးပေါင်းပြီး စုံစမ်းဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိတွင် စွဲဆိုထားသော ပုဒ်မများအရ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ ပြစ်မှုထင်ရှားပါက  ထောင်ဒဏ် အနှစ် ၂ဝ အထိ ချမှတ်နိုင်ပြီး ပုဒ်မ ၃၇၇ အရ "ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်" လို့ ပြဋ္ဌာန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly