ပုသိမ်ဆေးရုံ ၉ ထပ် တိုးချဲ့ဆောင် ဆောက်လုပ်နေမှု တိုင်းအစိုးရမှ စုံစမ်းစစ်ဆေးမည်

ပုသိမ်ဆေးရုံ ၉ ထပ် တိုးချဲ့ဆောင် ဆောက်လုပ်နေမှု တိုင်းအစိုးရမှ စုံစမ်းစစ်ဆေးမည်

ပုသိမ်၊ ဖေဖော်ဝါရီ ၉ ။           ။ ပုသိမ်မြို့နယ်၊ဆေးရုံတိုးချဲ့  ၉ ထပ်ဆောင် ဆောက်လုပ်နေမှုအား  ပြည်ထောင်စုနှင့် တိုင်းဒေသကြီးတို့ ပူးပေါင်းအဖွဲ့ဖြင့် ပြန်လည်စစ်ဆေးမည်ဟု လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ ပြောသည်။

“ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ပူးပေါင်းပြီးအဖွဲ့ပြီးစစ်မှာပါ။ တွေ့ရှိချက်၊ သုံးသပ်ချက်တွေကို ပြည်ထောင်စု အစိုးရကို ပြန်တင်ပြဖို့ကျန်းမာရေးဝန်ကြီးက မှာကြားထားတာရှိပါတယ်။ စာချုပ်ထဲမှာ ပါတယ် ။ စာချုပ်အတိုင်း မဆောက်တာတစ်ခုရယ်၊စာချုပ်ထဲမှာ ထည့်မချုပ်ဆိုဘဲ စီမံကိန်းတွေကို ဘဏ္ဍာနှစ်မှာ တိုးတောင်းတာတွေ ရယ်၊ ဘာကြောင့် စာချုပ်ချုပ်ဆိုထားတဲ့အတိုင်းမဖြစ်တာလဲ စုံစမ်းစစ်ဆေးမယ်အဖွဲ့ကို ဖွဲ့ပါတယ်” ဟု လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောသည်။

စာချုပ်ပါအချက်များအရ RC အဆောက်အဦ ဆောက်လုပ်ရမည် ဖြစ်သော်လည်း ယခု Steel Structure ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်ဟု တိုင်းဝန်ကြီးထံမှ သိရသည်။ ထို့ပြင် စာချုပ်တွင် မပါဝင်သောငွေများ၊ စီမံကိန်းများကို  ဘဏ္ဍာနှစ်တွင် ထပ်မံ တိုးတောင်းထားသောကြောင့် စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း ထပ်မံသိရသည်။

အဆိုပါ ပုသိမ်ဆေးရုံ ၉ ထပ်ဆောင် အဆောက်အဦ ဆောက်လုပ်ရန် တင်ဒါအား ၂၀၁၅ ခုနှစ်တွင် ခေါ်ယူခဲ့ပြီး၊ စက်တင်ဘာလတွင် စာချုပ် ချုပ်ဆိုပြီး၊ စာချုပ်သစ်အား ၂၀၁၆ ခုနှစ် မတ်လတွင် ပြင်ဆင်ချုပ်ဆိုထားကြောင်း သိရသည်။

ဆေးရုံအဆောက်အဦ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး၊လူမှုရေးဝန်ကြီးက အဖွဲ့ဝင် အဖြစ် ပါဝင်မည် ဖြစ်ကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ စုံစမ်းစစ်ဆေးမည့် ပုသိမ်မြို့နယ်ဆေးရုံ တိုးချဲ့၉ ထပ်ဆောင်အား Royal Lotus ကုမ္ပဏီမှ  ဆောက်လုပ်ခြင်း ဖြစ်သည်။ ယင်းတိုးချဲ့ဆောင်အား ၂၀၁၆- ၁၇  ဘဏ္ဍာနှစ်တွင် စတင်ဆောက်လုပ်ခြင်း ဖြစ်ပြီး၊ ၂၀၁၇-၁၈ ဘတ်ဂျက်နှစ်တွင် ရပ်နားထားကာ စစ်ဆေးမှုပြီးစီးမှ ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ပုသိမ်မြို့နယ်ပြည်သူဆေးရုံကြီးအား ၁၈၈၅ ခုနှစ်တွင် ကုတင် ၁၅၀ ဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် တွင် ကုတင် ၃၀၀ ဖြစ်ပြီး၊၂၀၁၅ ဇူလိုင်လတွင် ကုတင် ၅၀၀ ဆေးရုံကြီးအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly