မြန်မာနိုင်ငံမှ အစုလိုက်အပြံုလိုက်သတ်ဖြတ်မှုခေါင်းစဉ်ဖြင့် ရိုက်တာသတင်းဌာနက သတင်းထုတ်ပြန်

မြန်မာနိုင်ငံမှ အစုလိုက်အပြံုလိုက်သတ်ဖြတ်မှုခေါင်းစဉ်ဖြင့် ရိုက်တာသတင်းဌာနက သတင်းထုတ်ပြန်

 

ရန်ကုန် ၊ ဖေဖော်ဝါရီ ၉ ။                      ။ မြန်မာနိုင်ငံမှ  အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဆိုသည့် ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို ရိုက်တာသတင်းဌာနမှ ဖေဖော်ဝါရီလ ၈ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

ယင်းသတင်းခေါင်းစဉ်၏ မျက်နှာဖုံး သတင်းဓာတ်ပုံတွင် ဘင်္ဂါလီ အမျိုးသား လက်ပြန်ကြိုး တုပ်လျှက် ဒူးထောက်ထိုင်နေသည့်ပုံ နှင့် ယင်း လူများ၏ နောက်တွင်   သေနတ်ကိုင်ထားသူတစ်ဦး၊   သေနတ်လွယ်ထားသူ တစ်ဦး စုစုပေါင်း နှစ်ဦးပါဝင်နေသည်။

 ရိုက်တာသတင်းဌာနမှ ဖော်ပြထားသည့်ပုံသည် ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) အမျိုးသား ၁၀ ဦး အသတ်ခံရသည့်နေ့က ရိုက်ကူးထားခြင်းဖြစ်ပြီး ယင်းဓာတ်ပုံကို ဗုဒ္ဓဘာသာဝင် ကျေးရွာလူကြီးတဦးထံမှ ရရှိခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ရေးသားထားသည်။

 သတင်းရေးသားသူများ နေရာတွင် အစိုးရလျှိူ့ဝှက်ချက်များအက်ဥပဒေ ချိုးဖောက်မှုဖြင့် လက်ရှိ ဖမ်းဆီးတရားစွဲဆို ခံထားသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အမည်အပြင် နိုင်ငံခြားသား သတင်းထောက်များ ဖြစ်သည့် Simon Lewis နှင့် Antoni Slodkowski  တို့၏ အမည်ကို ဖော်ပြထားသည်။

 ရိုက်တာသတင်းဌာနအနေဖြင့် သတင်းအချက်အလက်များကို ရရှိထားပြီးသား ဖြစ်နေသည့် အခြေအနေ ဖြစ်နိုင်ကြောင်း၊ ယခုလို သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး ရခိုင်မြောက်ပိုင်းတွင် ကျယ်ကျယ်ပြန်ပြန့် ပြောဆိုနေသည့် အရာများ ဖြစ်နေပြီး ယင်းသက်သေအထောက်အထားများ ရရှိရန် ဆောင်ရွက်နေစဉ် ကိုဝလုံးတို့ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု မြန်မာသတင်းပညာ သိပ္ပံသင်တန်းကျောင်းမှ သင်တန်းညွှန်ကြားရေးမှူးဖြစ်သူ ဦးစိန်ဝင်းက ဆိုသည်။

 "ကိုဝလုံးတို့အနေနဲ့လည်း သူတို့ကြိုးစားဖော်ထုတ်ထားတဲ့ အမှန်တရားကို အများသိစေချင်လိမ့်မယ်လို့ပဲ ထင်ပါတယ်။ အမှုကတော့ ပြန်ကြားရေး ဒုဝန်ကြီးပြောသလို တရားရေးလမ်းကြောင်းအတိုင်းပေါ့။ ဖြောင့်ဖြောင့်မတ်မတ်ဖြစ်ရေးကိုသာ ဆုတောင်းနေရတော့မှာပါ" ဟု သတင်းစာပညာ သင်ကြားသူဖြစ်သည့် ဦးစိန်ဝင်းက ပြောသည်။

 ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ ဘင်္ဂါလီ အမျိုးသား ၁၀ ဦး သတ်ဖြတ်ခံရသည့်ကိစ္စကို ရိုက်တာသတင်းဌာနက စုံစမ်းထောက်လှမ်းပြီးရေးသားခဲ့ခြင်းဖြစ်ပြီး ယင်းသတင်းကို ပါဝင်ရေးသားသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို အစိုးရလျှိူ့ဝှက်ချက်များ အက်ဥပဒေချိုးဖောက်မှုဖြင့် လက်ရှိ ဖမ်းဆီးတရားစွဲဆိုထားသည်။

 ရိုက်တာသတင်းဌာနမှ ယင်းသို့ သတင်းထုတ်ပြန်လိုက်ခြင်းနှင့်ပတ်သက်ပြီး "ရိုက်တာအနေနဲ့လည်း သတင်းထုတ်ပြန်ဖို့ကို ချိန်ဆလုပ်တာပေါ့။ အခုအနေအထားကြည့်ရတာတော့ တရားရုံးပြင်ပညှိနှိုင်းမှုအရ ကိုဝလုံးတို့လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်နည်းလာလို့သော်လည်းကောင်း၊ သတင်းတန်ဖိုးယုတ်လျော့သွားမှာကို စိုးလို့ သော်လည်းကောင်း ထုတ်တယ်လို့ပဲ မြင်ပါတယ်" ဟု ဦးစိန်ဝင်းက မှတ်ချက်ပြုပြောဆိုသည်။

 သို့သော်လည်း ယင်းသို့ထုတ်ပြန်လိုက်ခြင်းနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် ကိုဝလုံး နှင့် ကိုကျော်စိုးဦးတို့ ပိုမို ဖိအားပေး ခံရနိုင်ဖွယ်ရနေသည်ဟုလည်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။ The Frontier Myanmar သတင်းဌာန မှ အကြီးတန်းသတင်းထောက်ဖြစ်သူ မြတ်ကျော်သူက ရိုက်တာသတင်းဌာနမှ ထုတ်ပြန်လိုက်ခြင်းနှင့် ပတ်သက်ပြီး ထောင်ထဲရောက်နေသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးအပေါ် အကျိုးသက်ရောက်မှု ရှိစေနိုင်သည်ဟု မှတ်ချက်ပြုသည်။

"စစ်တပ်ရဲ့ သဘောထား ဘယ်လိုရှိနိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်ရတော့မယ်ထင်ပါတယ်။  စစ်တပ်ရဲ့ သဘောထားကို ခန့်မှန်းလို့မှ မရနိုင်တာပဲ။ အကျိုးဆက်ကတော့ ရှိလာနိုင်တယ်" ဟု မြတ်ကျော်သူက ဆိုသည်။

 ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာ၌ သတ်ဖြတ်ခံရသည့် အလောင်းကိစ္စများနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ သီးခြားစုံစမ်းခဲ့ကာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ဘက်မှ ဇန်နဝါရီလ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

 တပ်မတော်ဘက်မှ ထုတ်ပြန်ချက်အရ ဖမ်းဆီးထားသူများသည် အကြမ်းဖက်သမားများဖြစ်ပြီး သက်ဆိုင်ရာတရားရုံးသို့ ပို့ဆောင်ရန် နယ်မြေအခြေအနေအရ လုံခြုံမှုမရှိသောကြောင့် ယင်းသို့ သတ်ဖြတ်ခဲ့ခြင်းအပေါ်  သက်ဆိုင်သူများကို စစ်ဆေးအရေးယူမှုများပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

 ရိုက်တာသတင်းဌာနမှာ ရေးသားချက်တွင်မူ သတ်ဖြတ်ခံရသူများသည် အရပ်သား ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြထား)များသာ ဖြစ်ကြောင်း ဖော်ပြရေးသားထားသည်။

 ရိုက်တာမှ သတင်းထုတ်ပြန်လိုက်ခြင်းနှင့် ပတ်သက်ပြီး  ကိုဝလုံးအမျိုးသမီးဖြစ်သူ မပန်းအိဖြူအား မဇ္ဈိမမှ  ဆက်သွယ်မေးမြန်းသော်လည်း မဖြေဆိုချင်သေးကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

ရိုက်တာ၏ယခုသတင်းထုတ်ပြန်ပြီးနောက် သတင်းသမားများ၏လုံခြုံရေးနှင့်ပတ်သက်ပြီး ရခိုင်လူမျိုး သတင်းထောက်တစ်ဦးဖြစ်သူ ကောင်းမြတ်နိုင်က "လုံခြုံရေးအခြေအနေက စိုးရိမ်ရတာပေါ့။အထူးသဖြင့် ပဋိပက္ခဖြစ်ခဲ့တဲ့ နေရာတွေမှာက အစိုးရလုံခြုံရေးဖက်က လူတွေအပါအဝင် တခြားဟာတွေကိုလည်း သတိထားရမှာပါ။ဒါပေမယ့် တအား ဆိုးဆိုးဝါးဝါးတော့ မဟုတ်ပါဘူး။ရိုက်တာက ထုတ်ပြန်လိုက်တဲ့ အင်းဒင်ကိစ္စက တပ်မတော်ဖက်ကလည်း တရားဝင်ထုတ်ပြန်ပြီးသားဆိုတော့ ဒေသအာဏာပိုင်တွေရဲ့ လုံခြုံရေးဆောင်ရွက်ပေးမှုအပေါ် မူတည်ပါတယ်" ဟုဆိုသည်။

 ရိုက်တာ၏ယခုသတင်းတွင် သတင်းအင်္ဂါရပ်နှင့်ပြည့်စုံသော်လည်း အငြင်းပွားစရာမေးခွန်းထုတ်စရာ အချက်အလက်များပါဝင်နေကြောင်းနှင့် လိုသလိုတည်ဆောက်ရေးသားထားသည်ဟုယူဆကြောင်း သတင်းမီဒီယာကောင်စီမှ အတွင်းရေးမှူး ဦးသီဟစော ကပြောသည်။ ယခု သတင်းထုတ်ပြန်ချက်ကြောင့် သတင်းသမားများအပေါ်ဒေသခံများနှင့်အစိုးရက သံသယပိုဝင်လာနိုင်သည်ဟုလည်း ဦးသီဟစောကပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly