နေပြည်တော် တွင်မော်တော်ဆိုင်ကယ် ဖမ်းဆီးအရေးယူမှု လျော့နည်းလာ

နေပြည်တော် တွင်မော်တော်ဆိုင်ကယ် ဖမ်းဆီးအရေးယူမှု လျော့နည်းလာ
နေပြည်တော်ရှိ ရာဇဌာနီလမ်းမကြီးပေါ်တွင် ဦးထုပ်မဆောင်းဘဲ မော်တော်ဆိုင်ကယ်စီးနင်းနေမှုအား ဩဂုတ် ၂၃ရက်က တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)

နေပြည်တော်၊ ဩဂုတ် ၂၄ ။           ။ အစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီ(၈)မြို့နယ်အတွင်း စည်းကမ်းလိုက်နာမှုမရှိသည့် မော်တော်ဆိုင်ကယ် များအား ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် ယာဉ်စစ်ဆေးရေးအဖွဲ့များမှ ဖမ်းဆီးအရေးယူလျက်ရှိရာ ၂၀၁၂ခုနှစ်မှ ၂၀၁၅ခုနှစ်၊ ဩဂုတ်လအထိ ဖမ်းဆီးအရေးယူမှု လျော့နည်းလာကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ကပြောသည်။
 
နေပြည်တော်တွင် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူမှုမှာ ၂၀၁၂ခုနှစ်တွင် (၉,၇၆၃)မှု၊ ၂၀၁၃တွင် (၅,၃၉၆)မှု၊ ၂၀၁၄တွင် (၃,၉၁၉)မှုနှင့် ၂၀၁၅ခုနှစ်တွင် ဩဂုတ် ၂၀ရက်ထိ (၁,၄၈၂) မှု ဖမ်းဆီး အရေးယူခဲ့သည် ဟု ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဩဂုတ် ၂၄တွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
 
ကျောက်တန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်ကျော်ခင်၏ အုပ်ချုပ်ရေးမြို့တော်၊ နေပြည်တော်တွင် မော်တော်ဆိုင်ကယ်စီးနင်းသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ တာဝန်ကျယာဉ်ထိန်းရဲများအနေဖြင့်လည်း အရေးယူဆောင်ရွက်မှုများ အားနည်းနေမှုအပေါ် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း လွှတ်တော် တွင်မေးခွန်းထုတ်မှုအပေါ် ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
 
၂၀၁၂ခုနှစ်တွင် (၁,၈၆၉)ဦး၊ ၂၀၁၃တွင် (၂,၉၄၈)ဦး၊ ၂၀၁၄တွင် (၃,၂၁၃)ဦးနှင့် ၂၀၁၅ခုနှစ်တွင် ဩဂုတ် ၂၀ရက်ထိ (၃,၄၆၄)ဦးတို့ကို ဖမ်းဆီးအရေးယူခြင်းမရှိဘဲ ပညာပေးမှုဆောင်ရွက် ပြီးပြန်လွတ်ပေးခဲ့ သည်ဟုလည်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောသည်။
 
နေပြည်တော်ကောင်စီနယ်မြေအတွင်း မီးပွိုင့်ပေါင်း (၂၈)ခုရှိရာ မီးပွိုင့်တစ်ခုလျှင် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်(၂)ဦးနှုန်းဖြင့် နေ့စဉ် တာဝန်ချထားသကဲ့သို့ နေ့စဉ် ယာဉ်စစ်ဆေးရေးအဖွဲ့ (၉)ဖွဲ့ရှိပြီး မြို့နယ်အတွင်း ပုံသေစစ်ဆေးခြင်း၊ ရွေ့လျား/ရှောင်တခင်စစ်ဆေးခြင်းတို့ကို အရေးကြီးနေရာများ၊ ဈေးများ၊ ဆေးရုံများ၊ ကျောင်းများ၊ ယာဉ်အန္တရာယ်ဖြစ်ပွားနိုင်သော နေရာများနှင့် လူစည်ကားရာေ နရာများတွင် စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

“နေပြည်တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်သည့် စည်းကမ်းတစ်ရပ်ရပ်ကိုဖြစ်စေ၊ အမိန့်တစ်ရပ်ရပ်ကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် ပျက်ကွက်ကြောင်းပြစ်မှုထင်ရှား စီရင်ခံရလျှင် ထိုသူကို (၃)လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊   ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်စေရမည်” ဟု နေပြည်တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၂၆တွင် ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly