ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ။ ။ ကချင်ပြည်နယ် တနိုင်း - ဟူးကောင်းဒေသ ပယင်းမှော်တစ်ဝိုက် တပ်မတော်နှင့် ကချင်လွှတ်လပ်ရေးအဖွဲ့ (KIA) တို့ဖြစ်ပွားနေသည့်တိုက်ပွဲများအကြား ပိတ်မိနေသည့် ပယင်းမှော်လုပ်သား ၅၀၀ ခန့်ကျန်ရှိနေသေးသည်ဟု တနိုင်းမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းကပြောသည်။
“ ဖုန်းသတင်းအရတော့ လူဦးရေ ၅၀၀ ကနေ့ ၈၀၀ ကြားကျန်သေးတယ်တဲ့။ မနေ့က(ဖေဖော်ဝါရီ ၄ ရက်) ညနေသတင်းအရပေါ့။ ဒီနေ့လည်းဆက် တော့လုပ်နေတယ်ဆိုတော့ ဒီနေ့တစ်ရက်ထဲပြီးမလား ဆိုတာညနေလောက်မှသိရမှာဗျ။ ဒီနေ့ အကုန်လုံးကိုခေါ်ထုတ်နိုင်ဖို့တော့ မျှော်လင့်တာပေါ့ “ ဟု ၎င်းကပြောသည်။
ကချင်ပြည်နယ် တနိုင်းဒေသ ပယင်းမှော်တွေတဝိုက်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လူဦးရေ ၃၀၀၀ ခန့်ပိတ်မိခဲ့ ပြီး တနိုင်းအခြေစိုက် ဒေသကွပ်ကဲရေးစစ်ဋ္ဌာနချုပ်က ဦးဆောင်ကာ ဇန်နဝါရီ ၃၀ ရက်မှစတင်ကယ်ဆယ်နေခြင်းလည်းဖြစ်သည်။
လူဦးရေ ၆၀၀၊ လူဦးရေ ၄၃၀ယောက်၊ ၂၉၅ ယောက်၊ လူဦးရေ ၂၁၅ ယောက်အသီးသီးကို အဆင်ပြေသလို ကယ်ထုတ်နေခြင်းဖြစ်ကြောင်း လည်းသိရသည်။
“ အဓိကတော့ တပ်မတော်က ၅ ယောက်တစ်ဖွဲ့၊ ၅ယောက်တစ်ဖွဲ့နဲ့လုပ်ပေးနေတာပေါ့။ အဲ့ကနေ စက်လှေစီးဖို့နေရာထိက ၄ နာရီလောက်လမ်း လျှောက်ရတယ်။ ၄ နာရီလောက်လမ်းလျှောက်ပြီး စက်လှေကတော့ ဒီကဌာနဆိုင်ရာတွေနဲ့ အကုန်လုံးပေါင်းစပ်ပြီးတော့ သယ်ပေးတာပေါ့။ အပြီး အစီးတော့မဟုတ်ပါဘူး။ ၁ သောင်းခွဲနှစ်သောင်းတန်တဲ့ဟာကို ၁ သောင်းနူန်းနဲ့သယ်ပေးတာ “ ဟု တနိုင်းမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းကပြောသည်။
ထိုကဲ့သို့ ကယ်ဆယ်ပေးနေသော်လည်း ပိတ်မိနေသူများအနေဖြင့် အစာရေစာနှင့် ဆေးဝါးကိစ္စအကူအညီများလိုအပ်နေပြီး ဝမ်းရောဂါဖြစ်ပွားမှုများလည်း ရှိနေကြောင်း ၎င်းကဆက်လက်ဆိုသည်။
တနိုင်းဒေသတွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အေ) တို့အကြားဖြစ်ပွားသောတိုက်ပွဲများ ကြောင့်ပိတ်မိနေသော စစ်ဘေးသင့်ပြည်သူများအား ကယ်ထုတ်နိုင်ရေးအတွက် ယနေ့ (ဖေဖော်ဝါရီ ၅ ရက်) ကချင်ပြည်နယ်ရှိဒေသခံပြည်သူများမှ မြစ်ကြီးနားမြို့၊ စီတာပူမ နောကွင်းမှ စတင်၍ မြစ်ကြီး နားမြို့အတွင်း လူဦးရေ ၅ထောင်ခန့် စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်နေကြသည်။
ဇန်နဝါရီ ၂၈ ရက်ခန့်မှစတင်ကာ ပယင်းမှော်လုပ်သားများပိတ်မိနေသည့်နေရာတစ်ဝိုက် တိုက်ပွဲဖြစ်ပွားခြင်းများမရှိတော့ကြောင်းလည်း သိရသည်။
သို့သော် ကချင်ပြည်နယ် မြစ်ကြီးနား နှင့် မိုးကောင်းမြို့နယ် အတွင်းရှိ တပ်မတော် တပ်ဌာနချုပ်စခန်းနှင့် လုံခြုံရေးစခန်း များအား ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက KIA မှ လာရောက် တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။