&PROUD Yangon LGBT ရုပ်ရှင်ပွဲတော်ကို သခင်မြပန်းခြံတွင် ပြုလုပ်

&PROUD Yangon LGBT ရုပ်ရှင်ပွဲတော်ကို သခင်မြပန်းခြံတွင် ပြုလုပ်

 

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ။           ။ &PROUD Yangon LGBT ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ရှိ သခင်မြပန်းခြံတွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်နေသည်။

ရုပ်ရှင်ပွဲတော်ကို  ဇန်နဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ သခင်မြပန်းခြံတွင် ပြုလုပ်မည်ဖြစ်ပြီး ရုပ်ရှင်များ၊ ဖျော်ဖြေမှုများ ၊ အားကစားများ ၊ ဆွေးနွေးမှုစကား ဝိုင်းများနှင့် ပါတီများလည်း ပါဝင်မည်ဖြစ်သည်။

" LGBT နဲ့ပတ်သက်တဲ့ အမြင်မှားတဲ့ဥစ္စာတွေကို ပညာပေးလုပ်တဲ့အခါမှာ ကျွန်တော်တို့ သိစေချင်တဲ့သူတွေက ဘယ်လိုပြောမလဲ လူများများသိလေ ပိုကောင်းလေ ဆိုတဲရည်ရွယ်ချက်နဲ့ ပန်းခြံထဲမှာပြုလုပ်ခြင်းဖြစ်ပါတယ် " ဟု ပွဲတော်ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုလှမြတ်ထွန်းက ပြောသည်။

ပွဲတွင် ဖျော်ဖြေရေးအစီအစဉ်အနေဖြင့် ဖြူဖြူကျော်သိန်း အပါအဝင် Mary နှင့် ဇွန်ဝေယံ ၊ အဆိုတော် ArT တို့၏ ဖျော်ဖြေမှုများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘန်ကောက်တွင် လူကြိုက်များသည့် Drag ဘုရင်မ Kandy နှင့် Meantra တို့လည်း ထူးထူးခြားခြား ဖျော်ဖြေသွားမည်ဟု သိရသည်။

ယင်းပွဲတော်တွင် Drag Olympic အားကစားပြိုင်ပွဲလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ဒေါက်ဖိနပ်စီး အပြေးပြိုင်ပွဲ ၊ လက်ကိုင်အိတ် အဝေးပစ်ပြိုင်ပွဲ ၊ ဘောလုံးဖောက်ပြိုင်ပွဲ စသည့် ပြိုင်ပွဲများလည်း ပါဝင်မည် ဖြစ်ကြောင်း ပွဲတော်ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုလှမြတ်ထွန်းက ပြောသည်။

ရုပ်ရှင်ပွဲတော်ကို၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့ တွင် ပထမဆုံးအကြိမ်အဖြစ်ကျင်းပခဲ့ပြီး အာရှတခွင်ရှိ LGBT တို့၏ ဘဝမျိုးစုံအဖုံဖုံတို့ကို ဗဟိုပြုအာရုံစိုက်ရန်နှင့် LGBT အသိုင်းအဝိုင်းများ စည်းလုံးစေရန်၊ LGBT အခွင့်အရေးများ အကြောင်း ဆွေးနွေးငြင်းခုံခြင်းကို ထောက်ပံ့ရန် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

သခင်မြပန်းခြံအပြင် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နှင့် ၄ ရက်တို့တွင် ပြင်သစ်ယဉ်ကျေးမှုဌာနတွင်လည်း ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly