မြောက်ဦးဖြစ်စဉ်အတွက် လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အရေးပေါ်အစည်းအဝေးတွင် အတည်ပြုမည်

မြောက်ဦးဖြစ်စဉ်အတွက် လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အရေးပေါ်အစည်းအဝေးတွင် အတည်ပြုမည်

 

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ။              ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး မြေပြင်အခြေအနေ ကွင်းဆင်းလေ့လာရန် ရခိုင်ပြည်နယ်လွတ်တော်မှ စုံစမ်းရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ပြီး လာမည့် လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ်ကြောင်း မြောက်ဦးမဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

လက်နက်ငယ်ဖြင့် ၁၀ ချက် ပစ်ခတ်ခဲ့သောကြောင့် လူ ၇ ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရခဲ့သည့် မြောက်ဦး ဖြစ်စဉ်နှင့် ပက်သက်ပြီး ရခိုင်ပြည်နယ်လွတ်တော် စုံစမ်းရေး အဖွဲ့ဖွဲ့စည်းရန်အတွက် မြောက်ဦးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြတောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ ရခိုင်ပြည်နယ်လွှတ်တော်က ၂၅ ရက်နေ့ကနေ အဲ့ဒီ့စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုဖွဲ့စည်းလိုက်တယ်။ ဒါပေမယ့် အဲ့ဒီ့ကော်မရှင်ကို  ဇန်နဝါရီ ၂၉ ရက်နေ့ အရေးပေါ်အစည်းအဝေးမှာအတည်ပြုရမယ်။ အတည်ပြုပြီး မှကို ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့် တာဝန်တွေက ဘာလဲဆိုတာကိုတော့ အဲ့နေ့မှပဲ သိရမယ်” ဟု မြောက်ဦး မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

အဆိုပါကော်မတီတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၆ ဦးနှင့် လွှတ်တော်မှ ဥပဒေအကြံပေးအဖွဲ့ဝင် ၃ ဦးခန့် စုစုပေါင်း ၉ ဦးခန့့်ဖြင့်ဖွဲ့စည်း သွားရန်ရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်လွတ်တော် စုံစမ်းရေး အဖွဲ့သည် ဇန်နဝါရီ ၂၄ ရက်နေ့ ဆုံးဖြတ်ချက်ကျပါက မြေပြင်ကွင်းဆင်း စစ်ဆေးကြမည် ဖြစ်ပြီး  စစ်ဆေးတွေ့ရှိ ချက်များပြီးဆုံးပါက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ ပြန်လည်တင်ပြရ မည်ဖြစ်ကြောင်း ဦးထွန်းသာစိန်က ဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးတွင် ကျင်းပမည့် ၂၃၃ ကြိမ်မြောက် ရခိုင့် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ်ပွဲကို ပိတ်ပင်သည့် ကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒပြသည့်လူထုကို ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် ဆန္ဒပြသူ ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့ဝင် ၂၀ ဦးထိခိုက်ခဲ့ကြောင်း အစိုးရဘက်ကပြောဆိုထားသည်။

မြောက်ဦး ဆန္ဒပြပွဲတွင်ပါဝင်ကာ ဒဏ်ရာရထားသည့်  ၈ ယောက်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဖြစ်စဉ်ကို ပြည်ထောင်စုအစိုးရအဖွဲ့ ဘက်မှလည်း ဇန်နဝါရီ ၂၄ ရက်နေ့မှစတင် ကွင်းဆင်းစစ်ဆေးလျှက် ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly