ပေးထားသည့်လုပ်ပိုင်ခွင့်ကို ဘီလ်ရစ်ချက်ဆန် နားမလည်ကြောင်း အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ဆို

ပေးထားသည့်လုပ်ပိုင်ခွင့်ကို ဘီလ်ရစ်ချက်ဆန် နားမလည်ကြောင်း အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ဆို

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ။               ။ ရခိုင်ပြည်နယ်ပြည်နယ်ဆိုင်ရာအကြံပေးအဖွဲ့မှ နှုတ်ထွက်ခဲ့သည့် အမေရိကန်ဝါရင့်သံတမန်ဟောင်း ၊ ဝန်ကြီးဟောင်း ဘီလ်ရစ်ချက်ဆန် သည် အကြံပေးအဖွဲ့အပေါ် ပေးထားသည့် လုပ်ပိုင်ခွင့်ကို နားမလည်ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္ဈိမသို့ ပြောသည်။

"သူ့အနေနဲ့ လုပ်ပိုင်ခွင့်ကို ကောင်းကောင်းနားလည်ရဲ့လား။ TOR လုပ်ငန်းလမ်းညွှန် ဖတ်ရဲ့လား၊ အကြံပေး အဖွဲ့ရဲ့ လုပ်ပိုင်ခွင့် ၊ အကြံပေးအဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေရဲ့ လုပ်ပိုင်ခွင့် ဘာလဲဆိုတာ ကောင်းကောင်း နားလည်တဲ့ပုံမပေါ်ဘူးလို့ ယူဆတယ်။ အားနည်းတယ်ပေါ့ဗျာ။ ကိုယ်လုပ်ရမယ့် လုပ်ငန်းတာဝန်ကို လေ့လာမှုအားနည်းတယ်လို့ ယူဆတယ်" ဟု ဦးဇော်ဌေးက ဆိုသည်။

အမေရိကန်ဝါရင့်သံတမန်ဟောင်း ဘီလ်ရစ်ချက်ဆန် အနေဖြင့် အကြံပေးအဖွဲ့လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန် ၊ လုပ်ပိုင်ခွင့်များကို သိရှိမှုအားနည်းခြင်း ၊ အစည်းအဝေးတွင် မသက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေး ပြောဆိုခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့မှ နှုတ်ထွက်သွားခြင်း ဖြစ်သည် ဟု သိရသည်။

ဘီလ်ရစ်ချက်ဆန် နှုတ်ထွက်ရခြင်းသည် သူ့၏ သဘောထားဆန္ဒသာဖြစ်သော်လည်း နှုတ်ထွက်ပြီးနောက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအပေါ် ထိုးနှက်ပြောဆိုနေမှုများအတွက် စိတ်မကောင်းဖြစ်ရသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။

အမေရိကန်ဝါရင့်သံတမန်ဟောင်း ဘီလ်ရစ်ချက်ဆန် အနေဖြင့် ပြီးခဲ့သည့် တနင်္လာနေ့ က နိုင်ငံတော် အတိုင်ပင်ခံနှင့် တွေ့ဆုံရာတွင် ရိုက်တာသတင်းသမားများ အဖမ်းခံရမှုကိစ္စပြောဆိုခဲ့ရာ   ဒေါ်အောင်ဆန်းစုကြည်နှင့် ကတောက်ကဆဖြစ်ခဲ့သည်ဟု AP သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက "ရခိုင်ပြည်နယ်ကိစ္စတွေ အကြံပေးရမယ့်ဟာ မဆိုင်တဲ့ဟာတွေပြောတော့ ဒီလိုမျိုး အစည်းအဝေးမျိုးမှာ အချိန်ကုန်တယ်။ ဖြစ်တဲ့အခါကျတော့ အစည်းအဝေး Chair Person က ထိန်းတာမျိုးတွေရှိတာပေါ့နော်။ အဲ့လိုမျိုး ဖြစ်တဲ့အခါကျတော့ ဒီလိုမျိုး နှုတ်ထွက်တဲ့ အကြောင်းအရာမျိုးတွေ ဖြစ်လာခဲ့တယ်ပေါ့နော်" ဟု ဆိုသည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း Surakiart Sathirathai ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆာင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင်  နိုင်ငံတော် သမ္မတမှ ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

ယင်းအဖွဲ့အစည်းထဲတွင်  တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း Meyere ၊ အမေရိကန်ပြည်ထောင်စု New Mexico ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson၊ ဗြိတိန် ဘုရင့်ကောင်စီအဖွဲ့ဝင်ဟောင်း ပါမောက္ခ Lord Derzi၊ စသည့် ပြည်ပ ဝါရင့် အတွေ့အကြုံရှိသူ ငါးဦးနှင့် မြန်မာနိုင်ငံမှ ငါးဦး တို့ ပါဝင် ဖွဲ့စည်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly