တောင်ကိုရီးယားမှ အမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ T-ara သည် သူတို့အဖွဲ့ဖျက်သိမ်းပြီဆိုသော ကောလဟာလ သတင်းများကို အဖွဲ့၏ရှေ့နေတစ်ဦးမှတဆင့် ငြင်းဆန်ပယ်ချခဲ့သည်။
အဖွဲ့ဝင်များဖြစ်သော Hyomin၊ Qri၊ Jiyeon နှင့် Eunjung တို့၏ရှေ့နေဖြစ်သူက “အဖွဲ့ဝင်အားလုံးရဲ့ အတည်ပြုချက်ကို ရယူပြီးတော့အခါမှာတော့ T-ara အဖွဲ့ဖျက်သိမ်းလိုက်ပြီဆိုတဲ့ ကောလဟာလတွေဟာ မဟုတ်မှန်ဘူးလို့ ပြောနိုင်ပါတယ်။ သူတို့လေးဦးစလုံးဟာ T-ara အဖွဲ့ဝင်တွေဖြစ်ပြီး အဖွဲ့လိုက်အနေနဲ့ပဲ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်သွားမှာပါ။ သီးခြားလုပ်ကိုင်သွားဖို့ အစီအစဉ်မရှိပါဘူး” ဟု YTN Star သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။
T-ara အဖွဲ့ဝင်များသည် MBK Entertainment အေဂျင်စီနှင့် လမ်းခွဲခဲ့ပြီးနောက် အမြင်ချင်းမတူသည့်အတွက် တစ်ဦးချင်းအနေဖြင့်သာ အနုပညာလုပ်ငန်းများကို လုပ်ကိုင်သွားမည်ဟု ကောလဟာလများ ထွက်ပေါ်လာ ခြင်းဖြစ်သည်။
T-ara အဖွဲ့သည် လွန်ခဲ့သော ၂၀၀၉ ခုနှစ်က ကေပေါ့ပ်လောကထဲသို့ စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး Bo Peep Bo Peep၊ Roly Poly နှင့် ပေါက်သီချင်းမြောက်မြားစွာကို သီဆိုထားခဲ့သည်။
အခြားအဖွဲ့ဝင်နှစ်ဦးဖြစ် သော Boram နှင့် Soyeon တို့သည် လွန်ခဲ့သောမေလက စာချုပ်ပြည့်သွားသည့်အတွက် အဖွဲ့မှထွက်ခွာသွားခဲ့ သောကြောင့် ယခုအခါတွင် T-ara အဖွဲ့သည် အဖွဲ့ဝင်လေးဦးဖြင့် အနုပညာလုပ်ငန်းများကို ဆက်လက်လုပ် ကိုင်မည်ဟု သိရသည်။
Ref:Soompi