NLD အစိုးရ ချမှတ်ထားသည့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ထောက်ခံကြောင်း SSPP ထုတ်ပြန်

NLD အစိုးရ ချမှတ်ထားသည့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ထောက်ခံကြောင်း SSPP ထုတ်ပြန်

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ။           ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ ချမှတ်ထားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လမ်းပြမြေပုံ(၇) ချက်ကို ထောက်ခံသည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) က ထုတ်ပြန်ကြေညာလိုက်သည်။

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ စုပေါင်းဖြေရှင်းနိုင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်လာစေရန် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု SSPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၃ ရက်နေ့အထိ SSPP ဌာနချုပ် ဝမ်ဟိုင်းတွင် ပြုလုပ်ခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးအပြီး ယင်းထုတ်ပြန်ချက် ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) သည် ရှမ်းပြည်မြောက်ပိုင်းတွင် အခြေစိုက်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး အစိုးရနှင့် ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုထားသော်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားခြင်း မရှိပေ။

ယင်းအပြင် SSPP/SSA  နှင့် တပ်မတော်အကြား အပြန်အလှန်ထိတွေ့ပစ်ခတ်မှုများလည်း ရှိနေကာ SSPP တပ်ဖွဲ့ဝင် ၄၀ ကျော်ကို တပ်မတော်မှ ဖမ်းဆီးထားသည်ဟု SSPP ဘက်က သတင်းထုတ်ပြန်ထားသည်။

'ဝ' အဖွဲ့ ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးရေးကော်မတီ(FPNCC) ကော်မတီတွင် ပါဝင်ထားသည့် SSPP အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်ခံခြင်း မရှိဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly