လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှု ဆန့်ကျင်ရေးအဖွဲ့ထံ ဒေါ်လာတစ်သန်းကျော်လှူဒါန်းခဲ့သည့် မာ့ခ်ဝါ့လ်ဘာ့ဂ်

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှု ဆန့်ကျင်ရေးအဖွဲ့ထံ ဒေါ်လာတစ်သန်းကျော်လှူဒါန်းခဲ့သည့် မာ့ခ်ဝါ့လ်ဘာ့ဂ်

ဟောလိဝုဒ်၏ ဝင်ငွေအကောင်းဆုံး မင်းသားများထဲမှတစ်ဦးဖြစ်သည့် မာ့ခ်ဝါ့လ်ဘာ့ဂ်သည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုအတွက် ဆန့်ကျင်တိုက်ပွဲဝင်နေသည့် Time’s Up အဖွဲ့ထံ အမေရိကန်ဒေါ်လာ ၁.၅ သန်းခန့် လှူဒါန်းခဲ့သည်။

ယင်းငွေများသည် All The Money in the World ရုပ်ရှင်ဇာတ်ကားမှ ပြန်လည်ရိုက်ကူးခဲ့ရသော ဇာတ်ဝင်ခန်း အချို့အတွက် ရရှိလာသော သရုပ်ဆောင်ကြေးများဖြစ်ပြီး ယင်းငွေအားလုံးကို မာ့ခ်ဝါ့လ်ဘာ့ဂ်က လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

မာ့ခ်ဝါ့လ်ဘာ့ဂ်၏ တွဲဖက်သရုပ်ဆောင်ဖြစ်သော မင်းသမီးမစ်ရှဲလ်ဝီလီယမ်သည် ယင်းရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ဝင်ခန်းအချို့ကို ပြန်လည်ရိုက်ကူးစဉ်တွင် တစ်နေ့ဝင်ငွေ ဒေါ်လာ ၈၀ ခန့်သာ ရရှိခဲ့သည်ဟု သတင်းများ က ဖော်ပြခဲ့အပြီးတွင် ဟောလိဝုဒ်ရုပ်ရှင်လောက၏ သရုပ်ဆောင်ကြေး မညီမျှမှုအတွက် ဝေဖန်သံများထွက်ပေါ် လာခဲ့သည်။

Time’s Up အဖွဲ့အား ယခုနှစ်ဇန်နဝါရီလအစောပိုင်းက စတင်ထူထောင်ခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့သည် မီဒီယာ၊ ရုပ်ရှင်နှင့် ထုတ်လုပ်ရေးနယ်ပယ်အသီးသီးတို့မှ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှုများကို ဆန့်ကျင်တိုက်ပွဲ ဝင်လျက်ရှိသည်။

မာ့ခ်ဝါ့လ်ဘာ့ဂ်က သူ၏သရုပ်ဆောင်ကြေးအားလုံးကို ယင်းအဖွဲ့၏ ဥပဒေရေးရာရန်ပုံငွေအတွက် လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး အလုပ်ခွင်၌ လိင်ပိုင်းဆိုင်ရာနောင့်ယှက်ခံရသူ၊ အနိုင်ကျင့်စော်ကားခံရသူနှင့် ခေါင်းပုံဖြတ်ခံရသူတို့ အတွက် အကူအညီပေးသွားရန် ရည်ရွယ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကျနော့်ရဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်း ပြန်လည်ရိုက်ကူးမှုနဲ့ပက်သက်ပြီး ဝေဖန်သံတွေ ဆူညံနေခဲ့ပါတယ်။ ကျနော်ကတော့ တန်းတူညီမျှ သရုပ်ဆောင်ကြေးရရှိမှုကို ၁၀၀ ရာခိုင်နှုန်းထောက်ခံပါ တယ်။ ဒါကြောင့်ပဲ မစ်ရှဲလ်ဝီလီယမ်ရဲ့အမည်နဲ့ Time’s Up အဖွဲ့ရဲ့ ဥပဒေရေးရာရန်ပုံငွေအတွက် ကျနော်ရရှိတဲ့ သရုပ်ဆောင်ကြေး ဒေါ်လာ ၁.၅ သန်းကို လှူဒါန်းပါတယ်” ဟု မာ့ခ်ဝါ့လ်ဘာ့ဂ်က ဆိုခဲ့သည်။

All The Money in the World ရုပ်ရှင်ဇာတ်ကားသည် ရိုက်ကူးမှုအားလုံးပြီးစီးထားခဲ့သော်လည်း ယင်းရုပ်ရှင်မှ သရုပ်ဆောင် ကီဗင်စပေစီသည် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခဲ့သည်ဆိုသော စွပ်စွဲချက်များကြောင့် ထုတ်ပယ် ခံခဲ့ရပြီး သူပါဝင်ခဲ့သည့်အခန်းအချို့ကို ပြန်လည်ရိုက်ကူးနေရခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly