ဧရာဝတီတိုင်း ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တိုင်းအစိုးရ ဦးဆောင်မည်

ဧရာဝတီတိုင်း ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တိုင်းအစိုးရ ဦးဆောင်မည်
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ရှိ ကျေးရွာတစ်ရွာ ရေလွှမ်းမိုးမှုကို သြဂုတ်လဆန်းပိုင်းက တွေ့ရစဉ်။ ဓါတ်ပုံ - ဟောင်ဆာ (ရာမည)

ပုသိမ်၊ သြဂုတ် ၂၂ ။         ။ ဧရာဝတီတိုင်းဒေသကြီး၊ ၁၉ မြို့နယ်မှ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး လုပ်ငန်း များအား တိုင်းဒေသကြီးအစိုးရက ဦးဆောင်ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီး ဦးဝင်းကိုက မဇ္ဈိမကို ပြောသည်။

တိုင်းအစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုက ``  အခု တချိုမြို့ရေပြန်ကျပြီး၊ တချိုနေရာတွေ ရေပြန်တက်တာတွေရှိနေသေးတယ်၊ လိုအပ်ချက်တွေတော့ရှိနိုင်ပါတယ် ၊ ပြန်လည်ထူထောင်ရေးကို အစိုးရ အဖွဲ့ဝင် အားလုံးလုပ်နေတယ်´´ဟု မဇ္ဈိမကို ပြောသည်။

ရေဘေးသင့် ဒေသများတွင် အသုံးပြုနိုင်ရန်  ကျပ် ၈၃၄ သိန်းနှင့် အမေရိကန်ဒေါ်လာ၂၀၉၀၀ အား အလှူရှင်များက ဧရာဝတီတိုင်း ဒေသကြီးအစိုးရသို့   ပေးလှူထားသည်။ ယင်းအပြင် တိုင်းအစိုးရမှ မျိုးစပါး ၄၄၉၈၆၆ တင်း  စုဆောင်းထားပြီးဖြစ်သည်။

တိုင်းအတွင်း ၁၉ မြို့နယ်တွင် ရေကြီးနစ်မြုပ်ပြီး၊ အိမ်ထောင်စု  ၁၂၀၀၀၀ နီးပါးနှင့် လူဦးရေ ၄၈၀၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး၊ လယ် ဧက သုံးသိန်းကျော် ရေနစ်မြုပ်ခဲ့ကာ   ဧက ၆၈၀၀၀  ပျက်စီးခဲ့သည်။ ယင်းအပြင် ကမ်းပါးပြိုကျမှုကြောင့် စာသင်ကျောင်း ခုနစ်ကျောင်း ပျက်စီးခဲ့သည်။

ကျောင်းများ ပြန်လည်ထူထောင်ရေးအတွက်  တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဒေါ်ခင်စောမူက ``ပညာရေးဌာန အသေးစိတ်အချက်အလက်စာရင်းကောက်နေတယ် ၊ပျက်သွားတာတွေ အသစ်တည်ဆောက်ပေးရမှာပါ၊တချို့ ကျောင်းတွေပျက်တာတွေရှိမှာပါ၊တချို့ ကျောင်းတွေ သန့်ရှင်းရေးလုပ်ရင် ကုန်ကျမှာတွေရှိတယ်၊ ဘက်ဂျက်ချထားပေးမှုအပေါ်မူတည်သုံးစွဲသွားမှာ´´ဟု ပြောသည်။

ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းတွင် ကျပ် ၁၈၆၇၁.၂၇ သန်းဆုံးရှုံးခဲ့ရပြီး၊ ကျွဲ နွား ၁၇ ကောင်သေဆုံးခဲ့ကာ ရေကြီးမှုကြောင့် လူအသေအပျောက်မရှိကြောင်း တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly