ပျောက်ဆုံးနေဆဲ ကျားဖောင်လုပ်သား ၁၂ ဦးအနက် ၆ ဦး အိန္ဒိယနိုင်ငံ ပို့စ်ဘလဲယားကျွန်း ရောက်ရှိ

ပျောက်ဆုံးနေဆဲ ကျားဖောင်လုပ်သား ၁၂ ဦးအနက် ၆ ဦး အိန္ဒိယနိုင်ငံ ပို့စ်ဘလဲယားကျွန်း ရောက်ရှိ

 

ဖျာပုံမြို့နယ်၊အမာမြို့နယ်တွင်  ဒီဇင်ဘာလအတွင်း ပင်လယ်ပြင်တွင် လေနီကြမ်းတိုက်ခတ်မှုကြောင့် ကျားဖောင်နှင့် ရေလုပ်သားများ မျောပါခဲ့ရာ လက်ရှိတွင် ရေလုပ်သား ၁၂ ဦး မတွေ့ရှိသေးသော်လည်း ၆ဦးမှာ အိန္ဒိယနိုင်ငံ ပို့စ်ဘလဲယားကျွန်းသို့ရောက်ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ  ဒုတိယရဲမှူးကြီးခင်မောင်လတ်က မဇ္ဈိမသို့ အတည်ပြုပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ နှင့် ၂၀ ရက်နေ့ ဖျာပုံမြို့နယ်၊ အမာမြို့ ပင်လယ်ပြင်တွင် လုပ်ကိုင်နေသည် ကျားဖောင် ၈၆ ဖောင်မှာ ပင်လယ်သို့ မျောပါပြီး၊ ကျားဖောင်ပါ လူဦးရေ ၂၅၈ ယောက် ပင်လယ်ထဲ မျောပါခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ ပို့စ်ဘလဲယားကျွန်းသို့ရောက်ရှိနေကြောင်း ရေလုပ်သားထဲမှ တစ်ဦးက ၎င်းအမျိုးသမီးအား ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 “ဖျာပုံမြို့နယ်ငါးလုပ်ငန်းဦးစီးနဲ့ရဲတပ်ဖွဲ့တွေ ရေလုပ်ငန်းရှင်တွေရော၊  ပူးပေါင်းပြီးအဖွဲ့ဖွဲ့ပြီးတော့ ပျောက်ဆုံးသွားတဲ့ ရေလုပ်သားတွေကို စိစစ်နေပါတယ်၊ နောက်ဆုံးအခြေအနေကတော့ ၁၂ ယောက် ကျန်တာမှာ မနေ့က ၆ယောက်က အိန္ဒိယနိုင်ငံ၊ ပို့စ်ဘလဲယားကျွန်းမှာ ရောက်နေတယ်ဆိုပြီးတော့ လှိုင်သာယာမှာ နေတဲ့ သူ့ အမျိုးသမီးဆီကို လှမ်းဆက်သွယ်လို့ သက်ဆိုင်ရာ လူကယ်ပြန်ရော၊ ကျွန်တော်တို့ ရဲတပ်ဖွဲ့ရော ဒါနဲ့ပတ်သက်လို့ ဆောင်ရွက်နေပါတယ်။ သတင်းနဲ့ပတ်သက်ပြီး လှိုင်သာယာက အမျိုးသမီးကို ဆက်သွယ်ပြီး သတင်းကိုအခြေအမြစ်ရှိအောင်ဆောင်ရွက်နေပါတယ်”ဟု ဒုတိယရဲမှူးကြီးခင်မောင်လတ်က မဇ္ဈိမသို့ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊အမာမြို့ ပင်လယ်ပြင်တွင် ကျားဖောင်လုပ်ငန်းများ လုပ်ကိုင်သည့်နေရာ ဖြစ်ပြီး၊ ကျားဖောင် တစ်ဖောင်တွင် လူ ၃ ဦး လိုက်ပါလုပ်ဆောင်ကြရပြီး ၊ပင်လယ်ပြင်   လေကြမ်းတိုက်ခတ်မှု များလျှင် ကျားဖောင်များ ပင်လယ်သို့ မျောပါတတ်ပြီး၊ အိန္ဒိယနိုင်ငံတွင် ကျားဖောင်လုပ်သားများ အဖမ်းခံရမှုများ ဖြစ်ခဲ့၍ ပြန်လည်ခေါ်ယူခဲ့ရမှုများလည်း ရှိခဲ့သည်။

ကျားဖောင်များမှာ ဖျာပုံမြိုနယ်မှ လုပ်ငန်းရှင် ၁၁ ဦး ပိုင်သည့်ကျားဖောင်များ ဖြစ်ပြီး ၊ဒီဇင်ဘာလ ၂၄ရက်နေ့ အထိ လူဦးရေ ၂၁၀ ကို ပြန်လည်ရှာဖွေကယ်ဆယ်ထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ဒီဟာနဲ့ ပတ်သက်ပြီး ပြန်လည်ရှာဖွေရေးတွေကိုတော့ သက်ဆိုင်ရာရေလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ၊ငါးလုပ်ငန်းဦးစီး၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးတွေနဲ့ ပူးပေါင်းပြီး ရှာဖွေနေဆဲ ဖြစ်ပါတယ်၊ ပျက်စီးပျောက်ဆုံးစာရင်းတွေ ရရှိဖို့ကိုလည်း မြို့နယ်ငါးလုပ်ငန်းဦးစီးနဲ့ ပူးပေါင်းပြီး စာရင်းတွေကို ကောက်ယူပြီး တော့ ပြန်လည်ရရှိတဲ့ စာရင်းတွေကို အချိန်နဲ့တပြေးညီ ကျွန်တော်တို့ဆီကို ပို့နေပါတယ်”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ  ဒုတိယရဲမှူးကြီးခင်မောင်လတ်က လုပ်ဆောင်ထားမှုများအား မဇ္ဈိမသို့ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly