အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်သွားမည်ဟု ဦးညီပုပြော

အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်သွားမည်ဟု ဦးညီပုပြော
ဓာတ်ပုံ - အေးချမ်းခိုင်

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ။            ။ ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်မှသူများပြန်လည်ဝင်ရောက်လာပါက အကြမ်းဖက်သမားများ ပါဝင်လာပြီး တိုက်ခိုက်မှုများ ထပ်မံ မဖြစ်ပေါ်စေရန် လုံခြုံရေးနှင့် တည်ငြိမ်ရေး ကို အဓိကထား ကြိုတင်ကာကွယ်သွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပြောဆိုလိုက်သည်။

ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်နေ့  ရခိုင်ပြည်နယ်အစိုးရရုံးတွင်  ပြည်နယ်ဝန်ကြီးချုပ်နှင့် မီဒီယာအဖွဲ့များ တွေ့ဆုံစဉ် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ဘက်က လုံခြုံမှုအပိုင်းကို အဓိကထားမယ်။ တည်ငြိမ်မှုအပိုင်းကို အဓိကထားမယ်။ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ ထူ ထောင်ရေးလုပ်ငန်းတွေကို   အောင်မြင်အောင်လည်းပဲ လုပ်မယ်ဆိုတာ နိုင်ငံတော်အတိုင်ပင်ခံလည်းပဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီလိုပြန်လည်ဝင် ရောက်လာပြီး တော့ တိုက်ခိုက်တာတို့ ဘာတို့ကို တတ်နိုင်သမျှ ကျွန်တော်တို့ဘက်က ကြိုတင်ကာကွယ်တာတွေ၊ ပြင်ဆင်တာတွေ ပြန်ပြီးထိန်းသိမ်းတာ တွေတော့ ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံးလုပ်သွားမှာပါ ” ဟု ဦးညီပုက ဆိုသည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ လာမည့် ဇန်နဝါရီ ၂၂ ၊ ၂၃ ရက်တွင် ဘင်္ဂလားဒေ့ရှ် ဖက်မှ ပြန်လာမည့်သူများအား မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲနှင့် ငါးခူရ ကျေးရွာတို့တွင် ပြန်လည် လက်ခံရေးဂိတ်များ ဖွင့်လှစ်လက်ခံသွားတော့မည် ဖြစ်သည်။

ထို့ပြင် နေရပ်ပြန် ဟိန္ဒူနှင့် ဘင်္ဂါလီများ ပြန်လည်ရောက်ရှိပါက လိုအပ်သည့် နေထိုင်၊ စားသောက်ရန်နှင့် အလုပ် အကိုင်များအတွက် UEHRD စီမံကိန်းဖြင့် သင့်လျော်အောင် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ ပြန်လည်လက်ခံရာတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းတချို့၏ စိုးရိမ်မှုများသည့် အမှန်ဖြစ်လာမည်မဟုတ်ဘဲ မြန်မာအစိုးရအနေဖြင့် သေချာအောင် စီမံဆောင် ရွက်ထားကြောင်းလည်း  ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး ၊ ပြန်လည်နေရာချထားရေး ၊ ဖွံ့ဖြိုးရေးစီမံကိန်း  ဒုတိယဥက္ကဋ္ဌ   ဒေါက်တာဝင်းမြတ်အေး က ပြောထားသည်။

ရခိုင်ပြည်နယ်အတွင်း တပြန်ကျော့ပြန် တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်တော့မည်ဟု ARSA အဖွဲ့ က ဇန်နဝါရီလ ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားပြီး ဇန်နဝါရီလ ၅ ရက်နေ့က မောင်တော မြို့နယ် တရိန်ကျေးရွာအနီး တိုက်ခိုက်မှုသည် ARSA အဖွဲ့၏ တိုက်ခိုက်မှုဖြစ်ကြောင်း ၎င်းတို့က ပြောဆိုထားသည်။

သြဂုတ်လ ၂၅ ရက်နေ့တွင် တကျော့ပြန် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြသည့် အရေအတွက်ကို သိန်းနှင့် ချီသည်ဟု ကုလသမဂ္ဂမှ ထုတ်ပြန်ထားသော်လည်း မြန်မာအစိုးရဘက်မှ အတိအကျ မထုတ်ပြန်ထားသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly