ဒေါက်တာလှမြတ်သွေးကို ဧရာဝတီဝန်ကြီးချုပ်အဖြစ် မြင်တွေလိုကြောင်း ဒေသခံအချို့ပြော

ဒေါက်တာလှမြတ်သွေးကို ဧရာဝတီဝန်ကြီးချုပ်အဖြစ် မြင်တွေလိုကြောင်း ဒေသခံအချို့ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

 

ပုသိမ် ဇန်နဝါရီ ၁၀ ။           ။ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမန်းဂျော်နီကို  ဇန်နဝါရီလ၉ရက်နေ့တွင် နိုင်ငံတော်သမ္မတက နှုတ်ထွက်ခွင့်ပြုလိုက်ပြီးနောက် လစ်လပ်သွားသည့် ဝန်ကြီးချုပ်နေရာ အတွက် ဒေသခံအချို့က ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို မျှော်လင့်ကြောင်း ထုတ်ဖေါ် ပြောဆိုနေကြသည်။

“ပြည်သူတွေ လိုချင်တာက တကယ်အလုပ်လုပ်တဲ့ ဝန်ကြီးချုပ်ပေါ့၊အလုပ်လုပ်တာက ဌာနဆိုင်အကြောင်းကိုလည်းနားလည်မယ်၊ ဌာနဆိုင်ရာကိုထိန်းချုပ်နိုင်တဲ့သူဖြစ်မယ်လိုလည်း မျှော်မှန်းတယ်။ ဧရာဝတီတိုင်းမှာတော့ အလုပ်လုပ်တဲ့ဝန်ကြီးရှာလိုက်ရင် ဝန်ကြီးနှစ်ယောက်ပဲမြင်တယ်။ ဌာနဆိုင်ရာနဲ့ဖြစ်ဖြစ် CSOနဲ့ ဖြစ်ဖြစ် လူမှုရေးဝန်ကြီး က ပိုပြီးလည်းသင့်တော်မယ် ၊မျှော်လည်းမျှော်လင့်တယ်” ဟု  ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူအဖွဲ့အစည်းမှ ဦးစိုးလှိုင်ဦးကမဇ္ဈိမသို့ပြောသည်။

“ကျွန်တော်တို့ပြည်သူတွေကတော့ ပြည်သူအကျိုးကိုတကယ်လုပ်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရကို ဦးဆောင်ပြီး ဌာနဆိုင်ရာတွေကို အကောင်းဆုံးစီမံခန့်ခွဲနိုင်မယ့်သူကိုမျှော်လင့်တာပါ၊ ပြည်သူ တယောက်အနေနဲ့ဆို လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးကို လိုချင်တယ်”ဟု ပုသိမ်မြို့ခံဦးသန်းလှက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်က“ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကို ဇန်နဝါရီလ၁၅ရက်နေ့ အရေးပေါ်ခေါ်ယူထားပါတယ်၊ဝန်ကြီးချုပ်ဘယ်သူဆိုတာကတော့ ရက်ပိုင်းထဲကို ပြည်ထောင်စုက တက်လာမှာပေါ့၊ဝန်ကြီးချုပ် အပြောင်းအလဲတက်လာလို့လွှတ်တော်ကို အရေးပေါ်ခေါ်ရတာပေါ့၊ ဝန်ကြီးချုပ်လောင်းစာရင်းကို နိုင်ငံတော်သမ္မတ ကပေးပို့တာ မရှိသေးပါဘူး”ဟု  မဇ္ဈိမ သို့ပြောသည်။

ပုသိမ်မြို့ခံတစ်ဦးဖြစ်သည့် ကိုဝေလုက “အလုပ်လုပ်မယ်သူကိုပဲ မျှော်လင့်တယ်၊ဌာနဆိုင်ရာတွေကို အကောင်းဆုံးဦးဆောင်နိုင်သူဖြစ်ဖို့တော့လိုတယ်၊ကိုယ်စားလှယ်ထဲကထက် အစိုးရအဖွဲ့ထဲ လူဆိုပိုသင့်တော်တယ်။ အုပ်ချုပ်ရေး အတွေ့အကြုံလည်းရှိပြီးသား ဖြစ်ရင် ပိုသင့်တော်မယ်၊အခု အစိုးရအဖွဲ့မှာတော့ ဒေါက်တာလှမြတ်သွေးဆို ပိုသင့်တော်မယ် ”ဟု မဇ္ဈိမသို့ပြောသည်။

ဒေါက်တာလှမြတ်သွေးသည် ပြည်တွင်းပြည်ပ တက္ကသိုလ်အချို့တွင် ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ် ထပ်မံရွေးချယ်ခံရသည်။ ယင်းနောက်ဧရာဝတီတိုင်းဒေသကြီးလူမှုရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်၊

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly