ရိုက်တာသတင်းထောက်နှစ်ဦးကို အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ ဖြင့်စွဲချက်တင်

ရိုက်တာသတင်းထောက်နှစ်ဦးကို အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ ဖြင့်စွဲချက်တင်
ဓာတ်ပုံ - သက်ကို

ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ။                   ။ ယနေ့ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင် နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင် တို့ကို အစိုးရမှ   မြောက်ပိုင်းခရိုင်တရားရုံး၌ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ ဖြင့် တရားစွဲချက်တင်လိုက်သည်။ ယင်းလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ သည် ထောင်ဒဏ်၁၄နှစ်အထိချမှတ်နိုင်သော ဥပဒေ ပုဒ်မဖြစ်သည်။

ရိုက်တာ သတင်းသမားနှစ်ဦးက မူ သတင်းများ ရယူရာတွင် သတင်းမီဒီယာကျင့်ဝတ်နှင့် အညီ သတင်းရယူခဲ့ခြင်းသာ ဖြစ်သည်ဟု တရားရုံးထုတ်ရာတွင် ပြောဆိုသွားခဲ့သည်။

“ကျွန်တော်တို့ မီဒီယာသမားတွေအနေနဲ့လည်း အမှန်တရားကို ဆက်ဖော်ထုတ်သွားမယ်လို့ယုံကြည်တယ်။ ဒီလိုပုံစံမျိုးနဲ့ ကျွန်တော်တို့ကို တားဆီးလို့ မရဘူးဆိုတာ ပြောချင်တယ်” ဟု ဖမ်းဆီးခံထားရသည့် သတင်းထောက် ကိုဝလုံးက တရားရုံးထုတ်ရာတွင် ပြောဆိုခဲ့သည်။

ရိုက်တာသတင်းဋ္ဌာနမှ ကိုဝလုံး(ခ)ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ညက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

သတင်းသမားနှစ်ဦးအနေဖြင့် အရေးကြီးလုံခြုံရေးစာရွက်စာတမ်းများကို ပြည်ပသတင်းဌာနများသို့ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင်ရယူဆောင်ရွက်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းဌာနများတွင် ဖေါ်ပြခဲ့သည်။ ၎င်းတို့နှစ်ဦးကို သမ္မတရုံးခွင့်ပြုချက်ဖြင့် ဖမ်းဆီးခဲ့သည်ဟုလည်း အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောထားသည်။

“ဒီနေ့ တရားလိုဘက်ကနေ အမှုစွဲတင်တယ်။ ကျွန်တော်အနေနဲ့ အာမခံလျှောက်တယ်၊ လာမယ့်ရုံးချိန်းမှာ အာမခံနဲ့ပတ်သက်ပြီး နှစ်ဖက် ကျယ်ပြန့် လျှောက်လဲချက်ပေးမယ်” ဟု တရားခံဘက်မှ အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင်က ဆိုသည်။

မောင်တောမြို့နယ် လုံခြုံရေးရဲတပ်ဖွဲ့ အစီရင်ခံစာမိတ္တူတချို့တွေ့ရှိခဲ့ခြင်းကြောင့် ယခုလို အစိုးရလိျှု့ဝှက်ချက် များ အက်ဥပဒေ ပုဒ်မ ၃ဖြင့် ရိုက်တာသတင်းသမားနှစ်ဦးကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ စာရွက်စာတမ်းများကို လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူး မိုးရန်နိုင် နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦး က ပေးအပ် ခဲ့ခြင်းဖြစ်သည်။

ယင်း ရဲတပ်ဖွဲ့နှစ်ဦးကိုလည်း ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မအရ လည်းကောင်း၊ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေများအရလည်းကောင်း ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသော်လည်း ယနေ့ ရုံးတင်စစ်ဆေးရာတွင် ပါဝင်ခဲ့ခြင်းမရှိပေ။

“တစ်ခါမှ မျှော်လင့်မထားဘူး၊ ကျွန်မမောင်ကို အခုလို လက်ထိပ်နဲ့ မြင်ရမှာကို ၊ ကျွန်မမောင်ပဲ ပြန်လိုချင်တယ်၊ ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ဖမ်းဆီးခံထားရသည့် သတင်းထောက် ကိုကျော်စိုးဦး၏ အစ်မက ပြောသည်။

သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအပါအဝင် အီးယူ၊ သတင်းသမား များ အကာအကွယ်ပေးရေးကော်မတီနှင့် မြန်မာ သတင်းသမားများဖွဲ့ ၁၂ ဖွဲ့ထက်မနည်းတို့က မြန်မာ အစိုးရကို ထိုကိစ္စအား ရှင်းလင်းပေးရန်နှင့် ဖမ်းဆီး ခံသတင်းသမား ၂ ဦးတို့ကို ပြန်လွှတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly