လယ်ယာစိုက်ပျိုးရေးကဏ္ဍ လုံလောက်တဲ့ တိုးတက်မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော

လယ်ယာစိုက်ပျိုးရေးကဏ္ဍ လုံလောက်တဲ့ တိုးတက်မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၁၀ရက်၊ ၂၀၁၈ခုနှစ်)။ ။ အစိုးရသစ်လက်ထက်အတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် လုံလောက်သည့် တိုးတက်မှုမရှိဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“ကျွန်မတို့ နိုင်ငံမှာ ရ၀ ရာခိုင်နှုန်းသော ပြည်သူတွေဟာ ကျေးလက်တောရွာဘက်မှာနေပြီးတော့ စိုက်ပျိုး ရေးကို အားကိုးနေတဲ့ ပြည်သူများဖြစ်လို့ လယ်ယာမြေကဏ္ဍကို ပြည့်စုံအောင်၊ အများလက်ခံနိုင်အောင်၊ အများကျေနပ်လောက်အောင် မဖြေရှင်းနိုင်သရွေ့တော့ နိုင်ငံရဲ့တိုးတက်မှုဟာ လုံလောက်တယ်လို့ ဘယ်လိုမှပြောလို့ရမှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်ရှိ သမ္မတအိမ်တော်အစည်းအဝေးခန်းမတွင် ဇန်နဝါရီ ၉ရက်က ကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင်(၁/၂၀၁၈)အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် လုံလောက်သည့် တိုးတက်မှုမရှိရသည့် အခြေခံပြဿနာတစ်ခုမှာ လယ်ယာမြေပိုင်ဆိုင်မှု ဖြစ်သည်ဟုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

“လယ်ယာမြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ မကြာခဏ ပြည်သူတွေဆီကနေ မကျေနပ်တဲ့ အသံတွေလည်း ကြားနေရသလို လွှတ်တော်အသီးသီးကလည်း ဒီအသံ တွေကြားနေရပါတယ်။ ပြည်ထောင်စုလွှတ်တော်တင်မကဘူး တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာပါ လယ်ယာမြေကိစ္စတွေနဲ့ပတ်သက်လို့ ပြည်သူတွေရဲ့ မကျေနပ်မှုတွေ ထုတ်ဖော်ပြောတာကို မကြာခဏကြားရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သို့သော် ခြံုငုံသုံးသပ်ပါက မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ထင်တာထက် ပိုမြန်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“တိုးတက်မှုက အမှန်ပြောရရင် တချို့ထင်တာထက်များပါတယ်။ ကျွန်မတို့ သေသေချာချာ လေ့လာတဲ့အခါကျတော့ ကျွန်မတို့ရဲ့ စီးပွားရေးတိုးတက်မှုက ထင်တာထက်မြန်တယ်။ နိုင်ငံရေးတိုးတက်မှုကလဲ ထင်တာထက် မြန်ဆန်ပါတယ်ဆိုပြီး နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေက ကျွန်မတို့ကို ပြောထားတာရှိပါတယ်” ဟု သူမက ပြောသည်။

အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ သမ္မတဦးထင်ကျော်အပါအဝင်  နိုင်ငံတော်၏အတိုုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားစီမံကိန်းကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ စီမံကိန်းကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly