၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးရေး ဆန္ဒဖော်ထုတ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးရေး ဆန္ဒဖော်ထုတ်

 

ရန်ကုန်၊ ဇန်နဝါရီ ၂ ။            ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးရေး  နိုင်ငံရေးတတ်ကြွလှုပ်ရှားသူများက ဒဂုံမြို့သစ်တောင်ပိုင်းတွင် ယနေ့ (ဇန်နဝါရီ ၂ ရက်နေ့) ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းဆန္ဒပြပွဲတွင် ပါ၀င်သူ ၆၀ ခန့်ရှိပြီး တောင်ဒဂုံ (၅၆ မှတ်တိုင်) မှ GEC မှတ်တိုင်ထိ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးရေး “ ဟု ကြွေးကြော်ကာ  “အခြေခံဥပဒေ အသစ်ရေးဆွဲပေးရေး “ ဟု ရေးသားထားသည့် ဗီနိုင်းများကိုင်ဆောင်ကာ ချီတက်လမ်းလျှောက်ခဲ့ကြသည်။

“ ကျွန်တော် ပြည်သူတစ်ယောက်အနေနဲ့ ဆန္ဒပြပွဲကို စီစဉ်တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝအလိုမရှိဘူးလို့ဆိုတဲ့ ဗွီနိုင်းနဲ့ ကျွန်တော်တို့ ဆန္ဒဖော်ထုတ်တာပါ “ ဟု ဆန္ဒပြပွဲဦးဆောင်စီစဉ်သူ ကိုနောင်နောင်ကပြောသည်။

ယနေ့ ဆန္ဒပြပွဲတွင်ပါ၀င်လာသူများသည် ဆန္ဒတူသည့်အပြင် မိမိဆန္ဒအလျောက်ပါ၀င်လာခြင်းဖြစ်ပြီး လူ ၁၅၀ ခန့်ပါ၀င်နိုင်ရန် စာတင်ထား သော်လည်း ၆၀ ခန့်သာ ပါ၀င်ဆန္ဒဖော်ထုတ်နိုင်ခဲ့ကြာင်း သိရသည်။

” နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေဆုံးရှုံးနေရတယ်။ တရားမျှတမှုတွေ လက်လွှတ်ခံထားရတယ်။ တန်းတူညီမျှမှုတွေမရှိတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ရတာဖြစ်တယ် “  ဟု ကိုနောင်နောင်က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိနိုင်ငံရေးတက်ကြွလှုပ်ရှားသူများကြားထဲတွင် အခြေခံဥပဒေပြင်ဆင်ရေးကိုလိုလားသော ပြုပြင်ပြောင်းလဲရေးအုပ်စုများနှင့် အခြေခံဥပဒေကို ဖျက်သိမ်းကာအသစ်   ပြန်လည်ရေးဆွဲရေးကို လိုလားသော တော်လှန်ရေးအုပ်စုများဟူ၍ နှစ်မျိုးကွဲပြားနေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly