ချင်းပြည်နယ် ပလက်ဝ စစ်ရှောင်များ နေရပ်ပြန်နိုင်ရန် စီစဉ်နေ

ချင်းပြည်နယ် ပလက်ဝ စစ်ရှောင်များ နေရပ်ပြန်နိုင်ရန် စီစဉ်နေ

ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ။          ။ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့ AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ကြောင့် ရှင်းလက်ဝကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များအား နေရပ်ပြန်ပို့ရန် စီစဉ်နေ သည်ဟု ချင်းပြည်နယ် စည်ပင်သာယာရေး ၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"သူတို့ နေရပ်ပြန်ဖို့ကို သူတို့နဲ့ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းနေပါတယ်။ မိုးမကျခင် ပြန်ရွေ့ဖို့များတယ်။ လောလောဆယ် ကလေးတွေ ကျောင်းတက်နေတော့လေ စာမေးပွဲပြီးတဲ့အချိန်အထိတော့ ရှင်းလက်ဝမှာပဲ ဆက်နေမယ့် သဘော ရှိပါတယ်" ဟု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

တပ်မတော်နှင့် AA တို့အကြား နို၀င်ဘာလဆန်းပိုင်းက စတင်ပြီး ကုလားတန်မြစ် အထက်ပိုင်း အိန္ဒိယ- မြန်မာ နယ်စပ်အနီးတွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ခြင်းကြောင့်  ဒေသခံများဟာ ပလက်ဝမြို့နယ် ရှင်းလက်ဝ ရွာသို့ စစ်ဘေးရှောင် အိမ်ထောင်စု ၆၇ စု၊ လူဦးရေအားဖြင့် ၃၄၀ ခန့်  ရှောင်တိမ်းလာကြခြင်းဖြစ်သည်။

အစိုးရထိန်းချုပ်နယ်မြေအတွင်းသို့ တိမ်းရှောင်လာသူများကိုသာ နေရပ်ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

"လောလောဆယ်တော့ တိုက်ပွဲတွေ မရှိတော့ဘူး။ တပ်က နယ်မြေထိန်းချုပ်နိုင်တဲ့ အနေအထား ရှိနေပါတယ်၊ ဒီဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေပဲ လုပ်ပေးနိုင်တယ်။ ကျန်တဲ့သူတွေက အစိုးရ ထိန်းချုပ်နယ်မြေထဲမှာ ရှိမနေဘူးလေ" ဟု ၄င်းက ပြောသည်။

ရက္ခိုင့်အဖွဲ့ AA သည် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly