ဧရာဝတီတိုင်းအတွင်းရှိ လမ်းတံတားလုပ်ငန်းများအား အပိုင်းလိုက် စစ်ဆေးရန် တိုင်းလွှတ်တော်ဆုံးဖြတ်

ဧရာဝတီတိုင်းအတွင်းရှိ လမ်းတံတားလုပ်ငန်းများအား အပိုင်းလိုက် စစ်ဆေးရန် တိုင်းလွှတ်တော်ဆုံးဖြတ်
(ဓာတ်ပုံ - မဇ္ဈိမ)

 

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ လမ်းတံတားများအား အမှီခိုကင်းအဖွဲ့များက လုပ်ငန်းများအား အပိုင်းလိုက်စစ်ဆေးရန် တိုင်းလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်း အဆိုအား သာပေါင်းမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်ခင်မိုးဝါက တင်သွင်းခဲ့ကာ ၊ကိုယ်စားလှယ် ၉ ယောက်ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်း ဆုံးဖြတ်ခဲ့သည်။

"လမ်းဦးစီးဌာနမှ ဆောင်ရွက်သော လမ်းတံတားများ သတ်မှတ်စံချိန်စံနှုန်းပြည့်ဝစေရန် ပွင့်လင်းမြင်သာမှုနှင့် လုပ်ငန်းပြီးစီးသည့်အခါ သတ်မှတ်စံချိန်စံညွန်းအတိုင်း ဆောင်ရွက်မှု ရှိမရှိက်ို လွတ်လပ်၍ အမှီအခိုကင်းသော စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးခြင်းများလုပ်ဆောင်ဖို့ အထူးလိုအပ်ပါသည်" ဟု ငပုတောမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက လမ်းဦးစီးဌာနဆောင်ရွက်သည့်လုပ်ငန်းများနှင့် ပတ်သက်ပြီး ထောက်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ 

ကျောင်းဆောင်များ ဆောက်လုပ်ရာတွင် နေ့စဉ် ကျောင်းဆောက်လုပ်မှု ကြီးကြပ်ကော်မတီများနှင့် စစ်ဆေးခြင်းမှုများပြုလုပ်သော်လည်း လမ်းဦးစီးဌာနမှ ဆောင်ရွက်သောလုပ်ငန်းများမှာ ဌာနတွင်း စစ်ဆေးမှုများသာ ပြုလုပ်လျက်ရှိသောကြောင့် ပွင့်လင်းမြင်သာမှုနှင့် စစ်ဆေးမှုပိုင်းတွင် အားနည်းနေကြောင်း ငပုတောမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ထောက်ပြဆွေးနွေးခဲ့သည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်းတံတားများ တည်ဆောက်နေမှုများအား တိုင်းမှ စစ်ဆေးခြင်းမျိုးမဟုတ်ဘဲ လုပ်ငန်းခွင်သို့ ရှောင်တခင်စစ်ဆေးခြင်း၊လုပ်ငန်းများ စတင်ရန် ပစ္စည်းများ စုဆောင်ချိန်မှ စတင်ပြီး လုပ်ငန်းပြီးစီးသည့်အထိ အပိုင်းလိုက်စစ်ဆေးမှုများပြုလုပ်သင့်ကြောင်း အကြံပြု ဆွေးနွေးပါသည်ဟု ကိုယ်စားလှယ်က ပြောသည်။

" ပုသိမ်ခရိုင် တင်ဒါအောင်မြင်မှုတွင် မေးခွန်းထုတ်စရာ ကွာဟမှုများစွာကို တွေ့ရမှာဖြစ်ပါတယ်။ ငပုတောမြို့နယ်အတွင်း တင်ဒါပေးသွင်းရမည်နေရာ မော်တင်လမ်းသုံးနေရာတွင် ကျောက်ကျင်းအရေအတွက်မှာ သုံးထောင်နီးပါး ရှိပါသည်။ ပထမကွဲလွဲချက်မှာ တင်ဒါအောင်မြင်သူသည် မော်တင်လမ်းတစ်လျှောက် ကိုယ်ပိုင်ကျောက်တွင်းမရှိပါ။ ဒုတိယကွဲလွဲချက်မှာ စျေးနှုန်းဖြစ်သည်။ အပြိုင်တင်ဒါဆွဲသူများနှင့် တစ်ဝက်ကွာပါသည်။ စျေးနှုန်းအနည်းဆုံးသူမှာ တင်ဒါအောင်မြင်သည်ကို လက်ခံသော်လည်း စီးပွားရေးသမားသည် အရှုံးကြီးရှံုးခံပြီး လုပ်ဆောင်မှာမဟုတ်ဘူးဆိုတာငြင်းဆန်၍မရပါ။ တတိယကွဲလွဲချက်မှာ ဘယ်အချိန်က ရောက်မှန်း မသိသည့် ကျောက်များ၊ တင်ဒါအောင်ကျောက်များထဲတွင် ပါဝင်နေခြင်းဖြစ်ပါသည်" ဟု ငပုတော -မော်တင်လမ်းပိုင်းနှင့် ပတ်သက်ပြီးဆက်လက်ဆွေးနွေးသည်။

"ကျွန်တော်အနေနှင့် တင်ဒါအောင်မြင်သောသူနှင့် လမ်းဦးစီးဌာနမှတာဝန်ရှိသူများ အပေးအယူတစုံတရာရှိနေသည်ဟုသုံးသပ်မိပါသည်။ အဆိုကိစ္စများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအနေဖြင့်စစ်ဆေးဖော်ထုတ်ရန်လိုအပ်နေပြီး မသမာမှု အဂတိလိုက်စားမှုများအား လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်ပတ်သက်နေပါကဖော်ထုတ်၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားရန်လိုအပ်လျက်ရှိပါသည်”ဟု ငပုတောမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဖြိုးဇော်ရွှေက လွှတ်တော်တွင်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အဆောက်အဦ လမ်းတံတားများ တည်ဆောက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေများအား မှန်ကန်အကျိုးရှိစွာ သုံးစွဲနိုင်စေရေး အရည်အသွေးစံချိန်စံညွန်းပြည့်ဝသော လမ်းတံတားများပေါ်ပေါက်စေရေးအတွက် တာဝန်ယူမှုတာဝန်ခံမှုပွင့်လင်းမြင်သာမှုရှိသောအရည်အသွေးစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်စေရေးနှင့် သတ်မှတ်စံချိန်စံညွနိးများ ပြည့်မီခြင်းမရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်း အဆိုအား သာပေါင်းမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်ခင်မိုးဝါက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly