ကရင်တိုင်းရင်းသားများ၏ကောင်းမြတ်သော အင်အားကို နိုင်ငံတော်အတိုင်ပင်ခံ ဂုဏ်ပြု

ကရင်တိုင်းရင်းသားများ၏ကောင်းမြတ်သော အင်အားကို နိုင်ငံတော်အတိုင်ပင်ခံ ဂုဏ်ပြု
ဓာတ်ပုံ - မင်းမင်း

ပုသိမ်၊  ဒီဇင်ဘာ၁၈ ။                   ။ မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းကို တည်ဆောက်ရာတွင် ကရင်တိုင်းရင်းသားများ၏ကောင်းမြတ်သော အင်အားများက အရေးပါသည်ဟု  ယုံကြည်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၇၅၇ခုနှစ်ကရင်နှစ်သစ်ကူး သဝဏ်လွှာတွင် ထည့်သွင်းပေးပို့ခဲ့သည်။

၂၇၅၇ခုနှစ် ကရင်နှစ်သစ်ကူး အလံတင်အခမ်းအနားကို  ဒီဇင်ဘာလ၁၈ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ပြည်ထောင်စုကွင်းတွင်ကျင်းပပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊တိုင်းအစိုးရအဖွဲ့ဝင်များနှင့်ဒေသခံများတက်ရောက်ခဲ့ကြသည်။

"နှစ်ဟောင်းကာလအတွင်းက မိမိတို့ကြိုးစားပမ်းစား စိုက်ပျိုးထားသည်များမှ ဖြစ်ထွန်းလာသည့်အသီးအပွင့်များကို စိတ်တူကိုယ်တူ စုပေါင်းရိတ်သိမ်းပြီး မိသားစုဝင်များ စုံစုံလင်လင် ပျော်ပျော်ရွှင်ရွှင်ဖြင့် သုံးဆောင် စံစားရသည့် မြတ်နိုးဖွယ်ရာ ဓလေ့ထုံးတမ်း အစဉ်အလာလည်းဖြစ်သည်။ကောက်သစ်စားပွဲအခါသမယတွင် မိသားစုဝင်အားလုံး စုံစုံညီညီ ပြန်လည်တွေ့ဆုံနိုင်ရန် ကြိုးစားကြသည့်နည်းတူ ယခုအခါ ပြည်ထောင်စုအတွင်း ညီအစ်ကိုသားချင်းများအားလုံး စုစည်းညီညွတ်စွာဖြင့် အေးအတူပူအမျှ မိသားစုစိတ်ဓာတ်ဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက်ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ကရင်တိုင်းရင်းသားများသည် ရိုးသားတည်ကြည်ပြီး၊အပင်းပန်းခံပြီး ကြိုးစားပမ်းစားလုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း၊ ဇွဲသတ္တိရှိခြင်း စသောအရည်အချင်းများနှင့်ပြည့်စုံသည်ဟူသော ကျော်ဇောသတင်းသမိုင်းတစ်လျှောက်ရှိခဲ့ပါသည်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပေးသည့် ကရင်နှစ်သစ်ကူးသဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီက ဖတ်ကြားခဲ့သည်။

၂၇၅၇ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် အလံတင်အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မန်းဂျော်နီက ဖားစည်းတီးဖွင့်လှစ်ပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly