YRTA ခွင့်ပြုချက်မရဘဲ ယာဉ်တင်သွင်းပါက YBS ယာဉ်လိုင်းများအား ပြေးဆွဲခွင့်ရပ်စဲသည်အထိ အရေးယူမည်

YRTA ခွင့်ပြုချက်မရဘဲ ယာဉ်တင်သွင်းပါက YBS ယာဉ်လိုင်းများအား ပြေးဆွဲခွင့်ရပ်စဲသည်အထိ အရေးယူမည်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ။                  ။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ ခွင့်ပြုချက်မရဘဲ မော်တော်ယာဉ် တင်သွင်းသည့် YBS ကုမ္ပဏီများ ယာဉ်လိုင်းပြေးဆွဲခြင်းလုပ်ငန်းမှ ရပ်စဲသည်အထိ အရေးယူ ဆောင်ရွက်သွားမည်ဟု YRTA မှ ယနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယခုလို YRTA မှ တားမြစ်သည့် ကိစ္စနှင့် ပတ်သက်ပြီး "အခုက တစ်ဦးချင်းပိုင်တဲ့ ပိုင်ရှင်တွေက ရှိနေသေးတယ် လေ။ အပြင်က ကုမ္ပဏီတွေက သွင်းလို့ရတယ်ဆို သွင်းမှာပဲလေ။ အဲ့ဒီအပေါ်မှာ စီးပွားရေးတစ်ရပ်လို လုပ်စား သွားမှာ ကြောက်လို့ တားမြစ်တယ် ထင်ပါတယ်" ဟု YUPT အများပိုင် ယာဉ်လိုင်း ကုမ္ပဏီတစ်ခု မှ အမည် မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက မဇ္စျိမသို့ပြောသည်။

YUPT ကုမ္ပဏီအနေဖြင့် YBS စနစ် မစတင်ခင် ယာဉ်အစီးရေ ၂၄၀ တင်သွင်းခဲ့သော်လည်း နောက်ပိုင်းတွင် တင်သွင်းခြင်းမရှိတော့ကြောင်း ၊ အစိုးရမှ YUPT ကုမ္ပဏီ ယာဉ်အစီးရေ ၅၀၀ ထည့်သွင်းပြေးဆွဲပေးခြင်း ကြောင့် ထပ်မံတင်သွင်းရန် မလိုအပ်တော့ခြင်းဖြစ်ကြောင်း ယင်းသတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလို၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) သို့ ဆက်သွယ်မေးမြန်းသော်လည်း ကုမ္ပဏီများသို့ အကြောင်းကြားထားပြီး ဖြစ်ကာ မီဒီယာများအား မဖြေကြားပေးနိုင်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ကို ၂၀၁၆ခုနှစ် ဇူလိုင်လ (၈)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး နာယကအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ဥက္ကဌအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ အတွင်းရေးမှူးအနေဖြင့် ဒေါက်တာမောင်အောင်တို့ တာဝန်ယူဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags